ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ ငွေစံပယ်ဖြူလမ်းရှိ အမျိုးသမီး ၂ ဦးတည်းနေထိုင်တဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ငွေကျပ် ၂၈ သိန်းကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၈ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ အမည်မသိ အမျိုးသား ၂ ဦးက ဓားပြတိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦးကိုလည်း ချုပ်နှောင်ကာ တန်ဖိုးကြီး ပစ္စည်းတွေထားတဲ့ နေရာကို ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ငွေစံပယ်ဖြူလမ်းမှာ နေထိုင်သူ မထားထားဦးက “အမျိုးသမီးတွေပဲ နေတာသိလို့ လုပ်သွားတာ။ အိမ်နောက်ဘက်တံခါးက ဝင်လာပြီး အိမ်ရှင်တွေကို ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်းထားတဲ့ နေရာတွေကို မေးတယ်။ မပြောလို့ဆိုပြီး ပါးတွေ နားတွေ ချတယ်။ လက်ဝတ်လက်စားတွေလည်း ဖြုတ်ယူသွားတယ်။ သူတို့ပြန်သွားမှ ရပ်ကွက်ကို အော်ဟစ် အကူအညီတောင်းလို့ သိရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူလတ်ပိုင်း အမျိုးသား ၂ ဦးက အိမ်ရှင်အမျိုးသမီးထံမှ လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေနဲ့ သိမ်းဆည်းထားတဲ့ ရွှေထည်ပစ္စည်း စုစုပေါင်း ၄ ကျပ်သားဝန်းကျင်နဲ့ ငွေကျပ် ၂၈ သိန်းကို ယူဆောင်ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ကွင်းကောက်မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဓားပြမှုဖြစ်ပွားတဲ့ နေအိမ်ကို လာရောက်စစ်ဆေးခဲ့ပြီး မြို့အဝင်အထွက်တွေမှာပါ တရားခံဖမ်းဆီးရနိုင်ဖို့ စစ်ဆေးနေပေမဲ့ ဖမ်းဆီးနိုင်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အပြီး နိုင်ငံတဝန်း မကြာခဏ ဓားပြတိုက်မှုတွေ ဖြစ်ပေါ်နေပေမဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ တရားခံတွေ ဖမ်းဆီးမိတဲ့ အမှုတွေမှာလည်း ဆုံးရှုံးခဲ့ရတဲ့ပစ္စည်းတွေ ပြန်လည်ရရှိခြင်း မရှိဘူးလို့ ဓားပြတိုက်ခံရသူတွေထံက သိရပါတယ်။