စစ်ကောင်စီက သူ့ရဲ့ဩဇာခံ Non-CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ ပေးတာနဲ့ အခြေခံလုပ်ခလစာမှာ ကျပ် ၁၀၀၀ တိုးမြှင့်ပေးတာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်ပြီး မြင့်တက်လာမှာကို အခြေခံလက်လုပ်လက်စားတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေရဲ့လစာမှာ အပိုထပ်ဆောင်းငွေ ကျပ် ၃၀၀၀၀ ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်မှာ စတင်ထည့်သွင်းပေးခဲ့သလို နေ့စား အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်မှာ အပို ကျပ် ၁၀၀၀ ကိုလည်း ထည့်သွင်းသတ်မှတ်ပေးခဲ့တာပါ။
အခုလို လုပ်ခလစာတွေ တိုးမြင့်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း ထပ်တက်လာမှာကို အခြေခံလူတန်းစားတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာနေထိုင်သူ တဦးက “အခု လစာတွေ တိုးပေးတယ်။ တစ်နေ့ လုပ်ခလည်း တိုးပေးတယ်ဆိုတော့ ပြီးရင် ကုန်ဈေးနှုန်းပါ တိုးလာမှာကို စိတ်ပူနေတာ။ အရင်ကလည်း ဖြစ်နေကျဆိုတော့လေ။ ဝန်ထမ်းတွေ လစာတိုးတာ၊ လုပ်ခတွေ တိုးရတာကိုတော့ ဝမ်းသာပါတယ်။ ဘယ်လောက်ပဲတိုးတိုး ပိုရတာဆိုတော့ ဝမ်းသာကြတာပဲလေ” လို့ ပြောပါတယ်။
ဝန်ထမ်းတွေကို လစာတိုးပေးသလို ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခကိုလည်း တိုးမြှင့် သတ်မှတ်ပေးဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက တိုက်တွန်းတောင်းဆိုနေပါတယ်။
ဝန်ထမ်းလစာနဲ့ အခြေခံလုပ်ခလစာ အနည်းငယ်တိုးလာပေမမဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက လက်ရှိ အောက်တိုဘာလဆန်းပိုင်းအထိ သိသိသာပြောင်းလဲခြင်း မရှိသေးဘူးလို့ ဈေးကွက်ကနေ သိရပါတယ်။