ဘရာဇီးနိုင်ငံရဲ့ အမေဇုန်တောမှာရှိတဲ့ တွန်ဘီရာမြစ်တဝိုက် နေထိုင်သူတွေဟာ မိုးခေါင်ရေရှားမှုအပေါ် သာမန်အခြေအနေလိုမျိုး အသားကျလာအောင် ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။
တွန်ဘီရာ ဒေသခံတွေဟာ နဲဂရိုမြစ်ထဲက မြစ်လက်တက်တခုရဲ့ မြစ်ကမ်းပါးပေါ်မှာ အသိုင်းအဝန်းတခုအနေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။
အဲဒီ နဲဂရိုမြစ်ကလည်း ဧရာမ အမေဇုန်မြစ်ကြီးရဲ့ မြစ်လက်တက်တခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဇွန်လကစလို့ ရီယို နဲဂရို မြစ်လက်တက်ရဲ့ ရေမျက်နှာပြင်က ၁၄ ဒသမ ၉၀ မီတာအထိ ကျဆင်းသွားတာကြောင့် သမိုင်းတလျှောက် ၉ ခုမြောက် အဆိုးဝါးဆုံးသော မိုးခေါင်ရေရှားမှု ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အခုလို ရေပြတ်လပ်မှုက ဒေသခံတွေရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးကိုပါ ထိခိုက်မှုတွေ ရှိနေပါတယ်။
မော်တော်ဘုတ်တွေဟာ ရွှံ့နွံထဲနစ်နေကြပြီး ရှုခင်းကြည့်နေရာတွေနဲ့ စာသင်ကျောင်းတွေကို သွားရောက်ကြမယ့် ခရီးသွားတွေနဲ့အတူ ကျောင်းသားတွေပါ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင်အပေါ် ပူနွေးလာစေခဲ့တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အခုလို စံချိန်တင် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်လာစေခဲ့ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Source/Photo-Reuters