တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပေကျင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၈ ရက်က ကျင်းပရာ ပိုလန်နိုင်ငံသူ အီဂါဆွီယာတက်ခ်က ရုရှားနိုင်ငံသူ လျူမီလာ ဆမ်ဆိုနိုဗာကို ၆-၂၊ ၆-၂ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။
ဒီနှစ်အတွင်း ကမ္ဘာ့အဆင့် ၂ နေရာက ဆွီယာတက်ခ် အနေနဲ့ ၅ ခုမြောက် WTA ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ ၁ နေရာက အာရီနာ ဆာဘယ်လန်ကာနဲ့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။
၆၉ မိနစ်သာ ကြာမြင့်ခဲ့တဲ့ ဒီဖိုင်နယ်ပွဲစဉ်မှာ ဆွီယာတက်ခ်က ၂ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် မျက်ရည်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
အမျိုးသမီး ကမ္ဘာ့အဆင့် ရပ်တည်မှုမှာတော့ ထိပ်ဆုံးနေရာက ဆာဘယ်လန်ကာနဲ့ ဂရန်းဆလမ်း ၄ ဆုရှင် ဆွီယာတက်ခ် အကြား ရမှတ်ပေါင်း ၄၆၅ မှတ်အထိ ကွာဟနေတာပါ။
ဒါကြောင့် လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့အတွင်း မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပမယ့် WTA Finals ပြိုင်ပွဲက ဒီနှစ်ရဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို သိမ်းပိုက်နိုင်ဖို့ ဆွီယာတက်ခ်အတွက် ကြီးမားတဲ့အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။
ပေကျင်းအိုးပင်းမှာ ဆမ်ဆိုနိုဗာက အမှားများခဲ့တာကြောင့် ဆွီယာတက်ခ်ရဲ့ ပွဲဦးထွက် ယှဉ်ပြိုင်မှုမှာတင် ၁၆ ခုမြောက်ဆုဖလားကို အခက်အခဲမရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြင်သစ်အိုးပင်း ချန်ပီယံလည်းဖြစ်တဲ့ ဆွီယာတက်ခ်က ဆရီနာ ဝီလျံ နောက်ပိုင်း ဆုဖလား ၅ ခု ဒါမှမဟုတ် ၅ ခုနဲ့အထက်ကို တင်းနစ်ရာသီအလိုက် ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသူ ဝီလျံကတော့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဒီအောင်မြင်မှုအတိုင်း စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters