တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲရှိ ကျေးရွာတချို့ကို စစ်ကောင်စီက ရက်ပေါင်း ၂၀ နီးပါး လျှပ်စစ်မီးဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။
ပုလောမြို့နယ်ထဲရှိ လက္ကူး၊ မှော်ကြောင်း၊ မဒေါင်၊ ပြင်းဖြူ၊ မင်းထိန်၊ ပဝတ်ကုန်းနဲ့ ကဒဲရွာတွေမှာ စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်ကစပြီး အခုအချိန်အထိ လျှပ်စစ်မီးဖြတ်တောက်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“လျှပ်စစ်မီးဖြတ်တောက်ခံထားရတာ အခုဆို ရက်ပေါင်း ၂၀ နီးပါးလောက်ရှိပြီ။ စက်သုံးဆီဈေးမြင့်မှုနဲ့ ရောင်းဝယ်သယ်ယူရခက်ခဲမှုတွေကြောင့် လတ်တလောအခြေအနေမှာ ရေနံဆီမီးခွက်ကို အသုံးပြုနေရပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့ ဒေသခံတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ဖယောင်းတိုင်ဝယ်ယူမှုတွေကိုပါ အများကြီးသယ်ယူခွင့်မပြုဘဲ ကန့်သတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဖိုးသီးချို လျှပ်စစ်မီးလင်းရေးကုမ္ပဏီကို ဆက်သွယ်ပြောဆိုပေမယ့် အဆိုပါကုမ္ပဏီက လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် အဆင်ပြေအောင် ပြုလုပ်ပေးမယ်ဆိုပြီး ပြောထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလောမြို့နယ်မှာ တိုက်ပွဲတွေ မကြခဏဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။