အစ္စရေးနိုင်ငံထဲကို ပင်လယ်ဘက်ကနေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ဒါဇင်ချီကို ပစ်မှတ်ထားပြီး ရေတပ်က တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က အောက်တိုဘာ ၇ ရက်မှာပြောဆိုပါတယ်။
ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ်စစ်သွေးကြွအုပ်စုက ဆယ်စုနှစ်တွေအတွင်း အကြီးဆုံး အနေနဲ့ အစ္စရေးကို စနေနေ့က ရုတ်တရက် တိုက်ခိုက်ခဲ့တာပါ။
ဂါဇာကမ်းမြောင်ကနေ အစ္စရေးဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတုန်း ဟားမတ်စ်သေနတ်သမားတွေဟာ အစ္စရေးရွာတွေထဲ ဖြတ်ကျော်ဝင်ရောက်ပြီး ဒါဇင်ချီတဲ့ လူတွေကို သတ်ဖြတ်ပြီး နောက်ထပ် လူဒါဇင်ချီကို ဂါဇာကမ်းမြောင်ဆီ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ လေကြောင်း ၊ ကုန်းကြောင်းနဲ့ ရေကြောင်း ကနေ သုံးဖက်ညှပ်ပြီး မကြုံစဖူး အလစ်တိုက်ခိုက်မှုဟာ အစ္စရေး ထောက်လှမ်းရေးရဲ့ ကြီးမားတဲ့ကျရှုံးမှု ရလဒ်ပဲလို့ မီဒီယာတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အစ္စရေးဟာ သူ့ရဲ့ ပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီ ရှင်းဘတ်နဲ့ ပြည်ပသူလျှိုအေဂျင်စီ မော့ဆက်တို့အပေါ် အမြဲတမ်းဂုဏ်ယူနေခဲ့တာပါ။
ဒါပေမဲ့အစ္စရေးရဲ့ အဓိကအားလပ်ရက်မှာ ဒါဇင်ချီတဲ့ ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေက လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်းတို့ကနေ နေရာအများအပြားကနေ အခိုင်အမာ နယ်စပ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အစ္စရေးကို အလစ်ဝင်တိုက်ခဲ့ပါတယ်။
အစ္စရေးမှာ ဒေသတွင်း အပြင်းထန်ဆုံး စစ်တပ်တွေ၊ နယ်စပ်က လုံခြုံရေး ကင်မရာတွေ၊ ရှင်းဘတ်နဲ့ မော့ဆက် ထောက်လှမ်းရေးဝန်ထမ်းတွေ၊ ခေတ်မီ အပူငွေ့ ထောက်လှမ်း ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုအာရုံခံ ကိရိယာတွေနဲ့ ခေတ်မီဆန်းပြားတဲ့ နယ်စပ်ခြံစည်းရိုး တွေရှိနေပါတယ်။
အစ္စရေးဟာ အီရန်ကိုတန်ပြန်ဖို့နဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ပျက်ပြားစေဖို့ လုံးဝ ကြိုးပမ်းနေပေမဲ့ ကိုယ့်အိမ်နောက်ဖေးကို ကိုယ်လုံးလုံး လျစ်လျူရှုထားတယ်လို့ ကျွမ်းကျင်သူတချို့က ဝေဖန်ကြပါတယ်။
အစ္စရေးရေတပ်ရဲ့ အကြီးအကဲဖြစ်သူ အီလိုင်မယ်ရွန်က “အစ္စရေးအားလုံးကမေးနေပြီ IDF ဘယ်မှာလဲ၊ ရဲတွေ ဘယ်မှာလဲ၊ လုံခြုံရေးက ဘယ်မှာလဲ။ အကြီးအကျယ် ကျဆုံးတာပဲ၊ အကျိုးဆက်အကြီးကြီးတွေနဲ့အတူ ရိုးရိုးရှင်းရှင်းပါပဲ ရာထူးဂုဏ်သိမ် အဆင့်ဆင့် ပျက်ကွက်ခဲ့တာ” လို့ ပြောပါတယ်။
ရန်သူက ခြေလှမ်းဦးတဲ့ ပဋိပက္ခအတွင်း ထောက်လှမ်းရေး ကျဆုံးမှုကြောင့် ဖြစ်ရတဲ့ တခြားစစ်ပွဲ ဖြစ်တဲ့ ယွန်းကစ်ပါစစ်ပွဲကို ဒီတိုက်ခိုက်မှုက ပဲ့တင်ထပ် မှီငြမ်းထားတယ်လို့ IDF ထောက်လှမ်းရေး အကြီးအကဲဟောင်းအေမော့စ်ယာဒလင်က The Times of Israel သတင်းဌာနကို ပြောပါတယ်။
Source/Photo-Reuters