စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် အလယ်ကျွန်းရွာအုပ်စု၊ ခိုချယ်ရွာမှာ တိုက်ပွဲတွေကြောင့် မောတိတ်ကျေးရွာက ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၈ လကတည်းက ထွက်ပြေးတိမ်းရှောင် နေထိုင်နေရာကနေ အောက်တိုဘာ ၅ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းကနေ ရွှေ့ပြောင်းထွက်ခွာသွားဖို့ လာရောက်နှင်ထုတ်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတာတော့ မပြောတတ်ဘူး၊ သူတို့ပြောတာကတော့ တိမ်းရှောင်နေထိုင်နေတဲ့ ကောင်လေးတယောက်က ရွာသားတွေနဲ့ ရောလို့တဲ့၊ ရောတာကလည်း ကျေးရွာကို ဘယ်လို မကောင်းတာတွေ ဖြစ်စေတာလည်း မဟုတ်ဘူးလေ၊ အဲလိုဆိုတော့ တကယ်လို့ မကောင်းတာ လုပ်တဲ့သူတွေကိုတော့ အပြစ်ပေးလို့ရတယ်လေ။ စစ်ဘေးရှောင်ပြည်သူတွေကို နှင်ထုတ်စရာ မလိုဘူးပေါ့လေ၊ အဲလိုပြောတော့ လက်မခံဘူး၊ ရွာထဲကနေ နှစ်ရက် သုံးရက်အတွင်း ထွက်စေချင်တယ်ပေါ့လေ။”
ခိုချယ်ရွာမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းကနေ ထွက်ခွာဖို့ လာရောက် နှင်ထုတ်ပြောဆိုတာနဲ့ ပတ်သက်ပြီး စစ်ရှောင်ပြည်သူတွေက NUG လက်အောက်က အင်းတော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ ခိုချယ်ကျေးရွာကနေ ထွက်သွားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက နှင်ထုတ်တာနဲ့ ပတ်သက်ပြီး NUG လက်အောက် မြို့နယ်အဆင့် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ပြန်လည်အကြောင်းပြန်မယ်ဆိုပြီး ပြောကြားတာတွေရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
မော်တိတ်ရွာက ပြည်သူတွေဟာ ကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ မရှိတော့တာကြောင့် နေရပ်ပြန်ဖို့ ကြိုစားပေမဲ့ ကျေးရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက စခန်းချနေထိုင်နေတာကြောင့် နေရပ်မပြန်ရဲဘဲ လုံခြုံတဲ့ ကျေးရွာတွေမှာ နေထိုင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ မော်တိတ်ရွာက ပြည်သူတွေဟာ ရွာထဲက ဘုန်းကြီးကျောင်း၊ ဇရပ်နဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေ နေထိုင်နေကြရပြီး ခိုချယ်ရွာပတ်ဝန်းကျင်မှာ မော်တိတ်ကျေးရွာက စစ်ရှောင်လူဦးရေ ၁၀၀ ကျော်နေထိုင်နေတာဖြစ်ပါတယ်။
အင်းတော်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ခိုချယ်ရွာက သုံးမိုင်းအကွာ မြစ်ကြီးနား-ဗန်းမောက်လမ်းပေါ်မှာ စစ်ကောင်စီနဲ့ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။