စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ရွာကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းအထိ မီးရှို့နေသလို ဒေသခံ မြေးအဖွား ၂ ယောက်ကို ပစ်သတ်ပြီး ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွာထဲက ပြေးဖို့ပြင်ဆင်နေတုန်း စစ်ကောင်စီတပ်နဲ့ တွေ့ဆုံပြီး ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
စက္ကန့်ရွာအနီးက ဒေသခံတယောက်က “ရွာကိုတော့ အခုမနက်ပိုင်းထိ မီးရှို့နေတာ။ မနေ့က ညနေပိုင်း တိုက်ပွဲအေးလို့ ရွာထဲဝင်ကြည့်တာမှာ တွေ့ခဲ့ရတာ။ ရွာက စာသင်ကျောင်းမှာ စစ်သားတွေရှိလို့ ပြန်ပြေးခဲ့ကြရတာ။ သူတို့ မြေးအဖွား ၂ ယောက်က ပစ်သတ်ခံရပြီး မီးရှို့ခံထားရတာ ဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူတွေဟာ ချင်းတိုင်းရင်းသားတွေဖြစ်ကြပြီး အသက် ၆၇ နှစ် အရွယ် အဖွား ဒေါ်ငိုက်နဲမ်နဲ့ အသက် ၁၄ နှစ်အရွယ် မြေးဖြစ်သူ ဗန်ဘွဲ့လျံလဲ တို့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက မွှန်ထာဘက်ကနေ စက္ကန့်ရွာဘက်ကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာခဲ့ရာကနေ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိသလို ဒေသခံကာကွယ်ရေးတပ်ဘက်ကို ဆက်သွယ်ခဲ့ရာမှာလည်း ဖြေကြားဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။
ဩဂုတ် ၁၂ ရက်နေ့ကလည်း စက္ကန့်ရွာ ကျောက်ခွဲစက်အနီးမှာ စစ်ကောင်စီ တပ်သားတွေက ကျွန်းချောင်းရွာဒေသခံ သားအမိ ၂ ယောက်ကို ပစ်သတ်ပြီး ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စက္ကန့်ကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ် ၈၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဓာတ်ပုံ-CNO