Home
မြန်မာသတင်း
ပန်ဝါမြေရှားလုပ်ကွက်များ ပိတ်ထားပြီး အလုပ်သမားများ ဒုက္ခရောက်နေ
DVB
·
October 8, 2023

ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသက မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာကတည်းက ၁ လကျော်ကြာ လုပ်ငန်းတွေပိတ်ထားပြီး လုပ်သားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ဆေးရေးအဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့က ရောက်လာခဲ့ပြီး သြဂုတ် ၃၀ ရက်မတိုင်ခင်ကတည်းက လုပ်ငန်းရပ်နားပိတ်ထားတဲ့ လုပ်ကွက်အများကြီးရှိသလို အရဲစွန့်လုပ်တဲ့ လုပ်ကွက်တချို့ရှိခဲ့ပေမယ့် ၁ လကျော် ကြာလာတဲ့ခုချိန်အထိ လုပ်ကွက် ၉၀ ရာခိုင်နှုန်းလောက်တော့ ရပ်နားထားတုန်းလို့ သိရပါတယ်။

မြေရှားလုပ်ကွက်က ခဏပြန်လာပြီး ပြန်တက်သွားသူတယောက်ရဲ့ အမျိုးသမီးက “အမျိုးသားက ၈ လပိုင်း ၃၀ ရက်နေ့က တက်သွားတာ။ သူတို့က နေ့ချင်း ရောက်သွားပေမယ့် လုပ်ကွက်ပိတ်ထားလို့ အလုပ်ပြန်ရှာနေတယ်လို့ ပန်ဝါ ဘုရားကျောင်းကနေ ဖုန်းဆက်တယ်။ ၉ လပိုင်း ၉ ရက်ကတည်းကနေ ခုထိ အဆက်အသွယ်မရတော့ဘူး” လို့ ပြောပါတယ်။

ပန်ဝါပတ်ဝန်းကျင် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေဘက်မှာလည်း လုပ်ကွက်အားလုံးနီးပါး ရပ်ထားတုန်းပဲလို့ ပြန်ရောက်လာသူ တယောက်က ပြောပါတယ်။

“ကျနော်ပြန်ရောက်နေတာ ၁ လကျော်ပြီ။ ဟိုတစ်ခါစစ်ဆေးရေး ဝင်တယ် ဆိုတာလည်း နေပြည်တော်ကလူကြီးတွေမပါဘူးဆိုတော့ လုပ်ကွက်တွေက ပြန်မစရဲသေးတာမို့ အလုပ်မရှိတော့ ရှာလာတာ စားနေရတာပဲ" လို့ ပြောပါတယ်။

သတ္တုတွင်းမှာ လုပ်ကိုင်သူတယောက်ကလည်း ပွဲစားနဲ့ချိတ်ဆက်ပြီး မြေရှားလုပ်ကွက်ဆီ တက်လာသူတွေ လိမ်ခံရတာ၊ ​ပြန်စရာလမ်းစရိတ်မရှိ၊ နေဖို့ စားဖို့မရှိ ဖြစ်တဲ့သူတွေ အများကြီးရှိပြီး တချို့ကတော့ မတတ်သာတဲ့အဆုံး ဖီမော်ဘက်ကို ဝါးခုတ် လိုက်သွားကြရတယ်လို့ ပြောပါတယ်။

“အဲဒါတောင် ပွဲစားခပေးရတဲ့သူတွေ ရှိတယ်။ ဝါးခုတ်က အရမ်းပင်ပန်းတယ်။ မိုးတွင်းဆို အန္တရာယ်ရှိတယ်။ စရိတ်ငြိမ်းမဟုတ်ဘူး။ ပန်ဝါအိပ်မက်က ပွဲစားခ လမ်းစရိတ်နဲ့ အလုပ်ကမရှိတော့ စားဖို့၊ နေဖို့ အပိုငွေပါမလာရင် မလာသင့်သေးဘူး။ ခုချိန်ပန်ဝါသတ္တုတွင်းမှာ ဘာအလုပ်မှမရှိပါဘူး။ ကျနော် ကိုယ်တိုင်လည်း ပြန်မတက် ရဲသေးဘူး” လို့ သူက ပြောပါတယ်။

ပန်ဝါဒေသမှာ တရုတ် ယွမ်ငွေကိုသုံးစွဲရတာမို့ လမ်းစရိတ်၊ ပွဲစားခတွေလောက်နဲ့ မြန်မာနိုင်ငံအရပ်ရပ်က တက်လာသူတွေဟာ အခု စားရမဲ့ သောက်ရမဲ့အနေအထားတွေနဲ့ သောင်တင်ပြီး အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024