စက်သုံးဆီစျေးနှုန်း ဆက်တိုက်ကျဆင်းလာနေပေမဲ့ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တချို့မှာ အောက်တိုဘာ ၇ ရက်နေ့က ဆီပြတ်လပ်ပြီး ဝယ်မရဘူးလို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။
မြို့တွင်း အငှားယာဉ်မောင်းတယောက်က “ဆီစျေးကျပြီဆိုရင် ဆိုင်တွေက ချက်ချင်း ထုတ်မရောင်းပေးတော့ဘူး။ မနက်က ၂ ဆိုင်ဝင်ထည့်တာ ၂ ဆိုင်လုံးမရခဲ့ဘူး။ ရတဲ့ဆိုင်ကျတော့လည်း ဂတ်(စ်)ဆိုင်မှာ တန်းစီရသလိုပဲ။ မိနစ် ၂၀ နာရီဝက်လောက် တန်းစီစောင့်နေရတယ်” လို့ပြောပါတယ်။
စက်သုံးဆီစျေးကွက်အတွင်း လက်ရှိ ရောင်းချနေတဲ့ စျေးနှုန်းတွေကတော့ ၉၂ တလီတာကို ၁၉၄၅ ကျပ်၊ ၉၅ တလီတာကို ၂၀၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၂၂၆၅ ကျပ်နဲ့ ရိုးရိုးဒီဇယ် တလီတာကို ၂၂၂၅ ကျပ် ဖြစ်ပါတယ်။
ဒါဟာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ နေ့စဉ် စက်သုံးဆီပေါက်ဈေးအရ ဖော်ပြထားတာဖြစ်ပြီး နေရာဒေသအလိုက် ဈေးကွာခြားချက်ရှိတယ်လို့ သိရပါတယ်။