မော်လမြိုင်မြို့၊ အရေပြားအထူးကုဆေးရုံရှေ့၊ တောင်ဝိုင်းလမ်းမကြီး (ဂ) ကွေ့မှာ အောက်တိုဘာ ၇ ရက် ညပိုင်းက ကား ၃ စီးဆင့်တိုက်မိပြီး လူ ၁၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ည ၇ နာရီခွဲလောက်က လမ်းမပေါ်ကနေကွေ့မယ့် လူ ၁၁ ယောက်ပါ လိုက်ထရပ်ကားရဲ့ အနောက်ဘက်ကို ပရိုဘောက်ကားက ဝင်တိုက်မိပြီး လမ်းဘေးရပ်ထားတဲ့ ဟိုက်ဂျက်ကားကိုပါ ထပ်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဘိုဘိုဝင်း ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “ဂငယ်ကွေ့မယ့် လိုက်ထရပ်ကို ပရိုဘောက်က ဝင်တိုက်တာ။ လိုက်ထရပ်က ဆွမ်းကြီးလောင်းပြီး ပြန်လာတဲ့ ကားပါ။ ထိခိုက်မိတာက လူကြီး ၆ ဦး ကလေး ၅ ဦး အားလုံး ၁၁ ဦး။ အဲဒီထဲက လူကြီး ၂ ဦး ကလေး ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာရရထားတယ်။ အခြေအနေတော့ သိပ်မကောင်းဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားပေါ်ပါ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်မိသူတွေထဲက အသက် ၃၀ ကျော် အမျိုးသား ၂ ယောက်နဲ့ အသက် ၆ နှစ်အရွယ် ယောက်ျားလေး ၁ ယောက်တို့မှာ ဦးခေါင်းထိခိုက်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနေရာကို ဘိုဘိုဝင်းကယ်ဆယ်ရေးအသင်း၊ မော်လမြိုင် ကယ်ဆယ်ရေး အသင်း၊ Freedom ကယ်ဆယ်ရေးအဖွဲ့၊ တူသောအကျိုးအသင်းနဲ့ သက်ဆိုင်ရာ အဖွဲ့တို့က ပူးပေါင်းကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးအသင်းတွေရဲ့ လူနာတင်ယာဥ် ၆ စီးနဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ဝင်တိုက်ခဲ့တဲ့ ပရိုဘောက်ကား ယာဉ်မောင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။