ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ အောက်တိုဘာ ၆ ရက် မနေ့ညပိုင်းက ၁၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိပြီး မီးလောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ညပိုင်း ၈ နာရီလောက်က မိုင်တိုင်အမှတ် ၄၉/၃ နဲ့ ၄၉/၄ ကြားမှာ Nissan Diesel အဖြူရောင် ၁၂ ဘီးကားနဲ့ ဆိုင်ကယ်တစီးတိုက်မိလို့ မီးလောင်ခဲ့ပြီး ဘုရားကြီး နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ ည ၈ နာရီ ၁၅ မိနစ်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံတဘောက်ကလည်း ဒိုက်ဦးဘက်နေ ဘုရားကြီးဘက်ကို မောင်းနှင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်ကို တောစွန်းကျေးရွာလမ်းကြားထဲက ထွက်တာတဲ့ အမျိုးသမီး ၂ ယောက် စီးလာတဲ့ဆိုင်ကယ်က ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။
လမ်းကြားထဲဖြတ်ဝင်တဲ့ ဆိုက်ကယ်ဟာ ကားအောက်ကို ချိတ်ပါသွားပြီး ကတ္တရာလမ်းနဲ့ ပွတ်တိုက်မီးလောင်တာကြောင့် ဆိုင်ကယ်ရော ၁၂ ဘီးကားရဲ့ ခေါင်းပိုင်းပါ မီးလောင်ခဲ့တာဖြစ်ပါတယ်။
လူမှုကူညီရေးအသင်းဝင်တယောက်က “အမျိုးသမီးမောင်းလာတဲ့ ဆိုင်ကယ်က လမ်းမကြီးပေါ်အတက်မှာ တဖက်ယာဉ်ကြောက ကားကို တိုက်မိတာ။ လူကပြုတ်ကျ ကျန်ခဲ့တော့ ကံကောင်းသွားတာ။ ကားဆရာတွေလည်း မီးလောင်တော့ ကားပေါ်ကနေ အမြန်ဆင်းကြတော့ သူတို့တော့ ဒဏ်ရာရတာမရှိဘူး။ ဆိုင်ကယ်နဲ့အမျိုးသမီးတော့ ပွန်းပဲ့ဒဏ်ရာတွေရလို့ ဆေးရုံပို့ပေးလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ၁၂ဘီးကားနဲ့ဆိုင်ကယ် မီးလောင်ဆုံးရှုံးခဲ့ပြီး တောစွန်းကျေးရွာမှ ဆိုင်ကယ်ရဲ့နောက်မှာ ထိုင်စီးလာသူ မနီလာခိုင်(ခ)ဂျမ်းတောကတော့ ဆိုင်ကယ်နဲ့ ပါသွားပြီး ထိခိုက်ဒဏ်ရာရလို့ ပြည်သူ့ဆေးရုံကို နယ်မြေခံ ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်
ဩဂုတ် ၂၇ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်း ပြွန်တန်ဆာမြို့နားမှာ စက်သုံးဆီတင်ဆောင်တဲ့ ဘောက်ဆာကားတိမ်းမှောက် မီးလောင်ကျွမ်းပြီး ယာဉ်မောင်း အမျိုးသား သေဆုံးခဲ့ပါတယ်။
Photo-ဘုရားကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့