အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို လိုအပ်သလို အထောက်အပံ့ပေးဖို့ သင်္ဘော ၄ စီး ပါဝင်တဲ့ မစ်ရှင်တခုကို တရုတ်ကမ်းခြေစောင့်တပ်က တားဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီလိုတားဆီးမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က အောက်တိုဘာ ၆ ရက်မှာ ကန့်ကွက်ခဲ့ပြီး တရုတ်သင်္ဘောတွေဟာ တိုက်မိခါနီးလေးအထိကို နီးကပ်လာတယ်လို့ ပြောပါတယ်။
ဒရုန်းမှတ်တမ်းတွေအရ တရုတ်ကမ်းရိုးတန်းစောင့်ရေယာဉ်နဲ့ စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောတစင်းကို ပိတ်ဆို့ ဝိုင်းရံထားကြောင်း ပြသခဲ့ပါတယ်။
တရုတ် ကမ်းရိုးတန်းစောင့်တပ် သင်္ဘောတစင်း ဆိုရင် ဖိလစ်ပိုင် ရေယာဉ်တစင်းရဲ့ ၁ မီတာအတွင်း ရောက်ရှိလာတာကြောင့် ကွပ်ကဲရေးမှူးက စက်ကိုရပ်ခိုင်းပြီးတော့ သင်္ဘောကို နောက်ပြန်လှည့်ခိုင်း လိုက်ရကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဂျေတာရီလာ က အောက်တိုဘာ ၄ ရက်က အခင်းဖြစ်ပွားချိန်အတွင်းမှာ ပြောပြပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း တာဝန်ထမ်းဆောင်နေချိန်အတွင်း တရုတ်ရေတပ် သင်္ဘော တစင်း ဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘောတစင်းဆီကို မီတာ ၈၀၀ အကွာအဝေးမှာ ရောက်ရှိလာခဲ့ ကြောင်းလည်း တာရီလာက ပြောပါတယ်။
ဖိလစ်ပိုင်ဟာ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်အခေါ် အာ့ယူငိ ၊ တရုတ်အခေါ် ရန်းနိုင်း ရိဖှ် ကျွန်းကွင်းပေါ်ရှိ သူ့ရဲ့ တပ်တွေကို အောင်မြင်စွာ ထောက်ပို့ ဖြည့်တင်းနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဟာ သူ့ရဲ့၀က်ဘ်ဆိုက်မှာတော့ ဖိလစ်ပိုင် သင်္ဘောတွေဟာ ရန်းနိုင်း ရိဖှ် နဲ့ ကပ်ရက် ရေပိုင်နက်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကျူးကျော်ခဲ့ကြောင်း ရေးသားဖော်ပြ ထားပြီး ဒါကို ပြင်းပြင်းထန်ထန် သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပြီး သင်္ဘောကို ပစ္စည်းတွေ ပေးပို့မှုကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။
Source/Photo-Reuters