(၁)
“ဆရာငြိမ်း ဒီနေ့ ရွှေကွယ်ရွာမှာ အရိုးကောက်ပွဲရှိတယ်၊ လက်ဝှေ့ပွဲလည်းရှိတယ် သွားကြမလား”
တပ်ကြပ်ကြီးဖားတေးကို ကျနော်က ပြန်ကြည့်သည်။
“အော် အသုဘရှိတယ်လို့ ပြောတာပါ။ ကျနော်တို့ဆီမှာတော့ လူသေရင် အသုဘကို အရိုးကောက်ပွဲလို့ ခေါ်ကြလို့ပါ။ ပွဲလမ်းသဘင်ကလည်း မရှိသလောက်ဆိုတော့ အသုဘကိုပဲ ပွဲလုပ်ကြရတာပဲ ဆရာရေ့၊ တခြားရွာတွေကလည်း လာကြမှာ၊ အဲဒါ သွားမလားလို့ ပြောတာပါ”
“ဟုတ်လားဗျ သွားမယ်လေ”
ကျနော်က ချက်ချင်းပင် သဘောတူလိုက်ပြီး ကျောပိုးအိတ်ကို အသင့်ပြင်ထားလိုက်သည်။ ကျနော်တို့နှင့်အတူ တလိုင်းကရင်ရွာသား သုံးဦးလည်း အတူလိုက်ပါကြမည်ဖြစ်သည်။ တလိုင်းကရင်ရွာသားများမှာ လွန်ခဲ့သည့်နှစ်ရက်က သူတို့ရွာကို နဝတစစ်တပ် ဝင်လာသဖြင့် ဒုံသမိချောင်းဘေး ကျနော်တို့ဆီသို့ ခဏလာရှောင်နေခြင်းဖြစ်သည်။
ကျနော်က KNU တပ်မဟာ ၁ နယ်မြေအတွင်း တလရှိသည့်တိုင် ပျော်ပွဲရွှင်ပွဲ မကြားရဘူးသေးသဖြင့် အရိုးကောက်ပွဲကိုပင် သတင်းအဖြစ်ရယူရန် စဉ်းစားထားခဲ့၏။ အရိုးကောက်ပွဲတွင် လက်ဝှေ့ပွဲလည်းပါ၊ တခြားရွာတွေကလည်း လာကြမည်ဖြစ်သဖြင့် သတင်းရတော့မည်ဟူသောစိတ်ဖြင့် ကျနော့်မှာ တက်ကြွနေမိသည်။
တနာရီနီးပါး လမ်းလျှောက်လာကြပြီးနောက် စမ်းချောင်းသာသာ ချောင်းတခုဘေးသို့ ရောက်လာကြ၏။ ချောင်းတဖက်ကမ်းတွင် လူသုံးယောက် ရပ်နေသည်ကို တွေ့ရ၏။ တပ်ကြပ်ကြီးဖားတေးက လမ်းလျှောက်စကားပြောစက်မှတဆင့် လှမ်းပြောထားသဖြင့် ဖလံတောင်ရွာသူကြီးတို့အဖွဲ့ လာကြိုနေခြင်းဖြစ်သည်ဟု သိရ၏။
အနားသို့ရောက်သောအခါ လာကြိုနေသည့်သူ သုံးဦးစလုံး မျက်နှာတွင် ပေါင်ဒါအဖွေးသား တွေ့ရသဖြင့် ကျနော့်မှာ အနည်းငယ် ထူးဆန်းသလို ဖြစ်ရသည်။
“ကျနော့်နာ နာ နာမည် ရွာ ရွာချစ်၊ ရွာဟိတ် မ မ မဟုတ်ဘူးနော်၊ တရွာလုံး လုံးက ချစ် ချစ်လို့ ရွာချစ်လို့ ခေါ် ခေါ်တာ”
ရွှေကွယ်ရွာသူကြီးက သူ့ကိုယ်သူ စတင်မိတ်ဆက်သည်။ သူကြီးက စကားထစ်သူဖြစ်သဖြင့် ကျနော့်မှာ မနည်းနားထောင်ယူရ၏။ ပြီးတော့ သူ့မျက်နှာတခုလုံး ပေါင်ဒါများ ရေဖျော်လိမ်းထားသဖြင့် ကျနော့်မှာ အံ့ဩနေမိသေးသည်။
သူက စကားထစ်သည့်အတွက် သူပြောတာ ကျနော်နားမလည်သည့်အခါ တပ်ကြပ်ကြီးဖားတေးက ဝင်ရှင်းပြရသေး၏။ သူကြီးဘေးက လူနှစ်ယောက်မှာလည်း သူလိုပင် မျက်နှာတွင် ပေါင်ဒါများအဖွေးသား ကိုယ်စီဖြင့်။
သူကြီးပြောသော “ရွာဟိတ်” ဆိုသူမှာ ဒူးပလာရာခရိုင် KNU ဥက္ကဋ္ဌ “ပဒိုရွာဟိတ်” ကို ပြောခြင်းဖြစ်သည်။ သူကြီး၏နာမည်မှာ “ရွာချစ်” ဖြစ်လေသည်။
စမ်းချောင်းလေးအကူးမှစကာ ရွှေကွယ်ရွာသူကြီး ဦးရွာချစ်မှာ ရွာနားရောက်သည်အထိ စကားတဖောင်ဖောင်နှင့် ဦးဆောင်ပြီး လျှောက်လာကြ၏။ သူကြီးက သူ့ရွာအကြောင်း တက်တက်ကြွကြွ ရှင်းပြ၏။
ရွှေကွယ်ရွာမှာ နွားမှောင်ခို လမ်းကြောင်းပေါ်တွင် ရှိသဖြင့် သည်နားတဝိုက်တွင် စီးပွားရေး အကောင်းဆုံးရွာ ဖြစ်ကြောင်း၊ ဈေးဆိုင်နှစ်ဆိုင်နှင့် နွားလှည်းနှစ်စီးမျှပင် ရှိကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောပြလာ၏။ သူက သူ့ရွာကို မာနယ်ပလော ဌာနချုပ်ကြီးမှ ရေဒီယိုသတင်းထောက်ကြီး ရောက်လာသည့်အတွက် ဂုဏ်ယူကြောင်းလည်း ပြောသေး၏။ (သူပြောသည့် သတင်းထောက်ကြီးဆိုသူမှာ ကျနော့်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။) သူပြောပြနေပုံ တက်ကြွနေပုံကြောင့် ကျနော်သည်လည်း တက်ကြွပျော်ရွှင်လာရ၏။ ရွာနားသို့ရောက်သောအခါ ဆိုင်းသံများ ကြားလာရပါသည်။
ရွာထဲသို့ဝင်လာသောအခါ လမ်းဘေးတချက်ဆီတွင် မာမားထုပ် အချိုရည်ပုလင်းများ ဖြစ်သလို ချိတ်ဆွဲထားသည့် တဲငယ်လေးနှစ်လုံးကို တွေ့ရ၏။ သူကြီးပြောသော ဈေးဆိုင်နှစ်ဆိုင်ပင် ဖြစ်ဟန်တူပါသည်။
ရွာလယ်တွင် လူသံများ ဆိုင်းသံများ ကြားရပြီး ကျနော်တို့လူသိုက် ကုက္ကိုပင်ကြီးတပင်အောက် ရောက်လာကြသည်။ လူတရာနီးပါးခန့်က ထုံးဖြူချထားသော မြေကွက်ကို ဝိုင်းပတ်ထားကြ၏။ တီးဝိုင်းမှာ ဗုံခြောက်လုံး၊ ပုလွေ၊ ယကွင်း၊ ဝါးလက်ခုပ်တို့ ပါ၏။ ဆိုင်းသမားများမှာ ကျနော်တို့ကိုမြင်လျှင် ဆိုင်းကို ပို၍ အားကြိုးမာန်တက် တီးကြ၏။ ပရိသတ်အလယ်က ကွက်လပ်တွင် အသက် ငါးဆယ်ကျော်အရွယ် လူကြီးတဦး အပေါ်ပိုင်းအဝတ်မပါ ခါးတောင်းကျိုက်ကာ ရပ်နေ၏။ လက်ဝှေ့ပွဲစတော့မည်ဖြစ်သဖြင့် ကြိုးဝိုင်းဒိုင်လူကြီးက တချက်နှစ်ချက် လက်ဝှေ့ယိမ်းကပြ၏။
ကျနော်က ဆိုင်းဝိုင်းနှင့် မနီးမဝေး နေရိပ်အစပ် ဖျာတချပ်ပေါ် ထိုင်ရ၏။ ကျနော့်ဘေးတွင် ရွာလုံခြုံရေးလူငယ်နှစ်ဦး ထိုင်၏။ ကျနော့်ရှေ့တွင် သကြားတပန်းကန်၊ ဓာတ်ဘူးတလုံး၊ ရေနွေးပန်းကန်တလုံး ရှိနေ၏။ ဌာနချုပ်မှ ဆင်းလာသော သတင်းထောက်ကြီးအတွက် အထူးချထားပေးသည့် ပစ္စည်းများဖြစ်သည်။ သိသိသာသာ သတိထားမိသည့်အချက်မှာ ဆိုင်းသမားများသည်လည်းကောင်း၊ ကြိုးဝိုင်းဒိုင်လူကြီးသည်လည်းကောင်း၊ တက်ရောက်လာကြသည့် ပရိသတ်သည်လည်းကောင်း၊ ကလေးများသည်လည်းကောင်း မျက်နှာများအားလုံး ပေါင်ဒါများ ဖွေးဖွေးဖြူအောင် လိမ်းခြယ်ထားကြသည့်အချက် ဖြစ်လေသည်။
ဆိုင်းဝိုင်းက ခဏရပ်သည်။ ဒိုင်လူကြီးက လက်ဝှေ့ပွဲ စတင်ပြီဖြစ်ကြောင်း စတင်ထိုးသတ်ကြမည့်သူများ ကြိုးဝိုင်းအတွင်း ဝင်လာရန် ဖိတ်ခေါ်လိုက်၏။ အသက် ဆယ်နှစ်အရွယ် ကလေးနှစ်ဦး အဝတ်ဗလာ ခါးတောင်းကျိုက်ကိုယ်စီဖြင့် ကွင်းထဲဝင်လာကြ၏။ ပရိသတ်မှာ ဝက်ဝက်ကွဲအောင် အော်ဟစ်အားပေးကြ၏။
ကျနော်က ဘယ်ပျောက်သွားမှန်းမသိသည့် သူကြီးနှင့် တပ်ကြပ်ကြီးဖားတေးတို့ကို လှည့်ကြည့်သည်။ ထိုသူတို့မှာ ရွာထဲတွင် ဝိုင်းဖွဲ့ရှိနေကြောင်း သိရ၏။ ကျနော်က ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေကို မေးသောအခါ ကင်းသမားအားလုံး နေရာချထားပြီးဖြစ်သဖြင့် လုံခြုံရေး စိတ်ချရကြောင်း ကျနော့်ဘေးမှ မျက်နှာပေါင်ဒါအဖွေးသားနှင့် လုံခြုံရေးခေါင်းဆောင်က ရှင်းပြပါသည်။ စိတ်မပူဖို့လည်း ပြောပါသည်။
ကျနော်က ကျောပိုးအိတ်ထဲက အသံဖမ်းစက်ကလေးကိုထုတ်ကာ ရှေ့တွင်ချသည်။ ဓာတ်ခဲများ ထည့်သည်။ ပရိသတ်ရှေ့တွင် ဟန်ပါပါနှင့် နားကြပ်များတပ်သည်။ ဆိုင်းသံများ အားပေးအော်ဟစ်သံများ ဆူညံလျက်ရှိနေသည်။ လက်ဝှေ့ပွဲမှာ လူကြီးပွဲမစခင် ကလေးများကစပြီး ထိုးသတ်ခြင်းဖြစ်သည်။
(၂)
“ပရော်….ပရော်”
ဘယ်နေရာက ဘယ်သူအော်လိုက်မှန်းမသိ။
ရုတ်တရက် ဆိုင်းသံများ တိတ်သွားသည်။ ကျနော့်ရှေ့တွင် နောက်တွင် လူများ ဦးတည်ရာမဲ့ ပြေးကြသည်။ (ပရော် ဆိုသည်မှာ ကရင်လို ရန်သူဟု အဓိပ္ပာယ်ရပါသည်။)
ကျနော်က ဘာလုပ်ရမည်မသိ ကြောင်ပြီး ထိုင်ရာက ရပ်သည်။
ထိုစဉ် ကျနော့်ဘေးက လုံခြုံရေးခေါင်းဆောင်က ပုဆိုးတထည်ကို ဖြန့်ချကာ “ဆရာကြီး ဆရာကြီးပစ္စည်းတွေ ဒီအထဲထည့် ဒီအထဲထည့်” ဟု ပြော၏။ ကျနော်က အယောင်ယောင်အနနနှင့် အသံဖမ်းစက်ပစ္စည်းများကို သိမ်းစုပြီး ထည့်ပေးလိုက်၏။ လုံခြုံရေးခေါင်းဆောင်က ပုဆိုးကို ဇပ်ကနဲ ဆွဲစုကာ “ကျနော့်နောက်လိုက် ကျနော့်နောက်ကလိုက်” ဟု ပြောကာ ထပြေးတော့၏။
ကျနော်သည် ခဏတဖြုတ်ရောက်လာသည့် ဧည့်သည်မျှသာဖြစ်သည်။ သည်ဒေသသို့ တခါမျှ ရောက်ဖူးသည်မဟုတ်သဖြင့် ဘယ်ဟာအရှေ့ ဘယ်ဟာအနောက် ဟူ၍မျှပင် မသိ။ လူတွေကလည်း တဖက်သတ်တည်း ပြေးကြသည်မဟုတ်။ အရှေ့ အနောက် တောင် မြောက် ထင်သလို ပြေးကြ၏။ ကျနော့်မှာ အသိမိတ်ဆွေကလည်း တယောက်မျှမရှိ။ ထို့ကြောင့် လုံခြုံရေးခေါင်းဆောင်၏နောက်မှသာ မျက်ခြည်ပြတ်မခံ ပြေးလိုက်ရ၏။
လယ်ကွက်နှစ်ကွက်မျှ ပြေးပြီးကာမှ လုံခြုံရေးခေါင်းဆောင်က ဘာစိတ်ကူးပေါက်သည်မသိ ရှေ့ဆက်မပြေးဘဲ နောက်သို့ ပြန်လှည့်ပြေးပြန်၏။ ကျနော့်မှာ အကျိုးအကြောင်းမမေးအား။ သူ့နောက်သို့သာ လိုက်ပြေးနေရ၏။ ခဏအကြာတွင် တောင်ကုန်းတခုပေါ် ရောက်လာ၏။ တောင်ကုန်းပေါ်တွင် ကျနော်တို့အရင် ရောက်နေသောလူတချို့ ပေါင်ဒါမျက်နှာကိုယ်စီနှင့် သစ်ပင်များ ခြုံပုတ်များကြား တွေ့ရ၏။
ထိုနေရာရောက်မှပင် လုံခြုံရေးခေါင်းဆောင်က ခဏနား၏။ ကျနော်သည်လည်း သစ်ပင်တပင်ကိုမှီကာ မနည်းအမောဖြေရ၏။ သည်နေရာမှာ တစုံတရာ လုံခြုံစိတ်ချရသည့်နေရာ ဖြစ်ဟန်တူပါသည်။
ထိုစဉ်မှာပင် သူကြီးနှင့် တပ်ကြပ်ကြီးဖားတေးတို့လည်း တဟောဟောတဟဲဟဲနှင့် ရောက်လာကြ၏။ တပ်ကြပ်ကြီးဖားတေးက ကျနော့်ကိုတွေ့တော့ ပြုံးပြ၏။ သူတို့အားလုံး၏ မျက်နှာများတွင် ပေါင်ဒါမှုန့်များကြား ချွေးစီးကြောင်းကိုယ်စီဖြင့်။
ကျနော်က အဖြစ်အပျက်အမှန်ကို သိချင်နေသည်။
“သူကြီး ဘာဖြစ်တာလဲဟင်”
သူကြီးက အမောမပြေသေးသည့် ချွေးစီးကြောင်းမျက်နှာနှင့် ကျနော့်ကို ပြန်ကြည့်ပြီးေပြာ၏။
“ဟင် သိ သိဘူးလေ၊ သူများတွေအ အ အကုန်ပြေးတော့လည်း ကျုပ် ကျုပ်တို့လည်း ပြေး ပြေးရတာပေါ့”
“ရန်သူရောက်လာတာဆို သူကြီးတို့တွေ့လိုက်သေးလား”
“မ မ မတွေ့ဘူးလေ၊ သူ သူ သူများပြေး အကုန်ပြေးကြတာပဲလေ”
ကျနော့်မှာ ပေါင်ဒါချွေးစည်းကြောင်း မျက်နှာကြီးနှင့် မောဟိုက်နေသည့် သူကြီး၏စကားကို နားထောင်ကာ ငိုရအခက် ရယ်ရအခက် ဖြစ်ရပြန်သည်။
(၃)
မိနစ်နှစ်ဆယ်ခန့် ရှိသောအခါ တောင်ကုန်းအောက် ရွှေကွယ်ရွာဆီက ဆိုင်းသံကြားရ၏။ ကျနော်တို့အားလုံး ထိုင်ရာက ပြန်ထကြသည်။
“ဆိုင်းသံလားလို့”
“ဟုတ်တယ်လေ”
ကျနော်က ပြုံးဖြဲဖြဲတဝက် ဂုဏ်ယူဝံ့ကြွားဟန်တဝက် ဖြစ်လာသည့် သူကြီးမျက်နှာကို ကြည့်သည်။
“ဟင် ဒါက လက်ဝှေ့ပွဲက ဆိုင်းသံလားလို့”
“ဟုတ် ဟုတ်တယ်လေ ဆ ဆ ဆရာကြီးရဲ့၊ လာ လာ သွားကြရအောင်၊ ရန် ရန် ရန်သူမရှိတော့ဘူး၊ ပွဲပြန်စ စ စနေပြီ”
သူကြီးက ပြောပြောဆိုဆို မျက်နှာမှချွေးကို ပုဆိုးဖြင့်သုတ်ကာ တောင်ကုန်းပေါ်မှ ဆင်းသည်။ ကျန်သူများလုံးကလည်း သူ့နောက်မှ လိုက်ဆင်းသည်။ ကျနော့်မှာ မဝံ့မရဲ ဖြစ်နေ၏။ ထိုစဉ်မှာပင် ဆိုင်းသံနှင့် အော်ဟစ်အားပေးသံများ တောင်ကုန်းပေါ် ဝေ့တက်လာ၏။
“ဟို ကျနော်တို့ရှေ့ကချထားတဲ့ သကြားပန်းကန်နဲ့ ဓာတ်ဘူးတော့ လူတွေနင်းမိတာနဲ့ အကုန်ကွဲကုန်မလား မသိဘူးဗျ”
ရွာလုံခြုံရေးခေါင်းဆောင်က မပူပန်သလို မျက်နှာထားနှင့် ကျနော့်ကိုကြည့်သည်။
“အဲဒါလည်း မပူပါနဲ့ဆရာကြီး၊ သူ့ပိုင်ရှင်က သူ့ပစ္စည်းသူ သိမ်းပြေးတာပေါ့”
ကျနော် တအံ့တဩ ဖြစ်ရပြန်သည်။ မှန်ပါသည်။ ကျနော်တို့လူသိုက် လက်ဝှေ့ပွဲဆီ ရောက်သောအခါ ကျနော့်အတွက် ခင်းပေးထားသော ဖျာကြမ်းပေါ်တွင် ဓာတ်ဘူးနှင့် သကြားပန်းကန်ကို အနေအထားမပျက် တွေ့ရတော့၏။
လက်ဝှေ့ပွဲမှာ အားပေးသံများ ဆူညံလျက်။ ပရိသတ်မှာ ကလေးတွဲလဲ ခွေးတွဲလွဲနှင့် လက်ခုပ်သံမပျက်။ ဆိုင်းသံမှာလည်း စကားပြောလို့မရလောက်အောင်ပင် ကြွက်ကြွက်ညံနေပြန်တော့၏။ ။
ငြိမ်းဝေ(ကဗျာ့အိုဝေ)
“၁၉၉၄ ခုနှစ် ဘားအံမြို့နယ်အတွင်း လွမ်းမောဖွယ် ခရီးသွားအတွေ့အကြုံများသို့…”