မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ အောက်တိုဘာ ၆ ရက်က ဘတ်စ်ကားတစီး တိမ်းမှောက်သွားလို့ ဗင်နီဇွဲလားနဲ့ ဟေတီရွှေ့ပြောင်းနေထိုင်သူ ၁၈ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦးတို့ဖြစ်ကြောင်း ဝါဟားကာပြည်နယ် ရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒဏ်ရာရရှိသူ ၂၇ ဦးကို အနီးနားရှိ ဆေးရုံတွေ ပို့ဆောင်ထားပေမယ့် သူတို့ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ အတိအကျ မထုတ်ပြန်ထားပါဘူး။
ကယ်ဆယ်ရေးအဖွဲ့ဝင် ဂျူလီယန် ရိုမဲရိုက “ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ဆီကို မနက် ၄ နာရီ ၄၀ ဝန်းကျင်မှာ မတော်တဆမှုကို အကြောင်းကြားခဲ့ပြီး ဆယ်မိနစ်လောက်အကြာမှာ ပထမဆုံးလူနာတင်ကား ရောက်လာတယ်။ ဒဏ်ရာရသူ ၂၅ ဦးထက်မနည်း အများအပြားရှိခဲ့တယ်”လို့ ပြောပါတယ်။
ဝါဟားကာပြည်နယ်နဲ့ အလယ်ပိုင်းပွေဘလာပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဘတ်စ်ကားဟာ လမ်းကျဉ်းလေးတလျှောက်မှာ တိမ်းချော် မှောက်သွားတာ ဖြစ်ပါတယ်။
ဒီမတော်တဆမှုဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရွှေ့ပြောင်းဝင်ရောက်သူတွေ များပြားလာချိန်မှာ ဖြစ်ပွားခဲ့တာပါ။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဘတ်စ်ကား၊ ထရပ်ကား၊ သို့မဟုတ် ကုန်တင်ရထားတွေနဲ့ မက္ကဆီကို ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းကြပေမဲ့ ခရီးကတော့ အန္တရာယ်များတတ်ပါတယ်။
Source/Photo-Reuters