မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်ခံစင်တာတွေနဲ့ Spa အများအပြားကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီစီးနင်းမှုအတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦး အပါအဝင် ၃၂ ဦးဟာ မလေးရှားနိုင်ငံကို ယာယီခရီးသွားကတ်နဲ့ ဝင်ရောက်လာပြီး အနှိပ်ခန်းနဲ့ Spa တွေမှာ လာရောက်လုပ်ကိုင်နေကာ တရားမဝင်နိုင်ငံခြားသား အများအပြားဟာ အများသူငါ စိတ်အနှောင့်အယှက်ဖြစ်စေအောင် လုပ်နေတယ်လို့ ပတ်ဝန်းကျင်က တိုင်ကြားတာကြောင့် သွားရောက်ဖမ်းဆီး စစ်ဆေးခဲ့တာလို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက “သူတို့ဟာ ယာယီခရီးသွားကတ် (PLS) နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပေမဲ့ ခရီးသွားကတ်ကို အလွဲသုံးစားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတယ်။ ပတ်ဝန်းကျင်က သတင်းပေးတော့ ၂ ပတ်ကြာ ထောက်လှမ်းရေးလုပ်ပြီး အဲ့နားတဝိုက်မှာရှိတဲ့ ဆိုင်တွေကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ မလေးရှားအလုပ်ရှင်တွေနဲ့ နိုင်ငံသားတွေကို တောင်းဆိုခြင်တာက PLS ကတ်နဲ့ လူတွေကို အလုပ်မခန့်ဖို့နဲ့ မခေါ်ယူထားဖို့ပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား ၆ ဦး အပါအဝင် ၃၂ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေတွေဖြစ်တဲ့ ၆(၁)(ဂ)၊ ၃၉(ဂ)၊ အလုပ်ခန့်ခဲ့တဲ့ မလေးရှားနိုင်ငံသား ၃ ဦးကိုတော့ ၅၆(၁)(ဃ) တို့နဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ ရက်ကလည်း မလေးရှားနိုင်ငံ ဆီရမ်ဘမ်မြို့မှာ တရားမဝင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်တဲ့အတွက် မြန်မာနိုင်ငံသား ၉၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Jabatan Imigresen Malaysia Negri Johor