ထိုင်းမြောက်ပိုင်း၊ လမ်းဖွန်းမြို့ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအချုပ်သားတယောက် နေရပ်ပြန်ပို့ခံရရင် စစ်မှုထမ်းရမှာ စိုးရိမ်လို့ လက်ထိတ်တန်းလန်းနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ Channel 8 ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၈ နှစ်အရွယ် မြန်မာလုပ်သားတယောက်ဟာ ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ နေထိုင်မှုနဲ့ လမ်းဖွန်းမြို့ နိခုမ်းအူစာဟကန်နယ်မြေအချုပ်ခန်းမှာ ချုပ်နှောင်ခံထားရပါတယ်။
စက်တင်ဘာ ၇ ရက် မနက်ပိုင်းက သူဟာ အကြံအစည်တခုနဲ့ ဆပ်ပြာမှုန့်နဲ့ ခေါင်းလျှော်ရည် ရောပြီး ပါးစပ်ထဲ အမြှုပ်ထအောင် ထည့်လိုက်တယ်၊ တာဝန်ရှိသူတွေက သူ့ကို တခုခုဖြစ်မှာစိုးလို့ ဆေးရုံကို ပို့လိုက်ပါတယ်၊ ဆေးရုံမှာ ရောဂါအထွေအထူးမရှိတာကြောင့် ည ၇ နာရီကျော်မှာ အချုပ်ကားနဲ့ပဲ ရဲစခန်းကို ပြန်ခေါ်လာကြတယ်၊ ကားပေါ်က ဆင်းတော့ သူဟာ တာဝန်ရှိသူတွေလက်ထဲကနေ ရုတ်တရက် ရုန်းထွက်ပြီး ရဲစခန်းဘေးက တောအုပ်ထဲ ထွက်ပြေးသွားခဲ့ပါတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကိုဖမ်းဆီးရမိဖို့ ရဲတွေရော၊ အုပ်ချုပ်ရေးရုံးနဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဒရုန်းတွေနဲ့ပါ တညလုံး ရှာဖွေခဲ့ပါတယ်။
အဆိုပါတောအုပ်မှာ ကျယ်ပြန့်ပြီး ရွာသားပိုင် လယ်ယာ၊ ခြံမြေနဲ့လည်း ဆက်စပ်နေတာကြောင့် တညတည်းနဲ့ ဖမ်းမမိခဲ့ဘဲ စက်တင်ဘာ ၈ ရက် နေ့ခင်းပိုင်းကျမှ မတ်ခေကျေ့အုပ်စု ဘန့်ဆန်ပါဟိန့်ကျေးရွာအနီး လယ်စောင့်တဲနားမှာ ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခဲ့ပါတယ်။
သူဟာ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံရရင် ၊ ထိုင်းရဲကနေ မြန်မာအာဏာပိုင်လက်ထဲ ပြန်အပ် လိုက်ရင် စစ်သားစုဆောင်းခံရမှာစိုးလို့ ခုလိုထွက်ပြေးရတာလို့ မြန်မာအလုပ်သမားက ဝန်ခံ ပြောသွားပါတယ်။
ရဲတပ်ဖွဲ့ကသူ့ကို ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုအပြင် အာဏာဖီဆန်မှုနဲ့ပါ ထပ်ပြီး အရေးယူလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Thai Ch8