စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ အောက်တိုဘာ ၅ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တလုံးအား ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်စုရပ်ကွက်က နေအိမ်တလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာပြီး လူငယ်တဦးကို ရှာဖွေရာ မတွေ့တဲ့အတွက် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ည ၁၀ နာရီလောက်က ကားတွေနဲ့ စစ်သားတွေ အများကြီး ရောက်လာတယ်။ အိမ်ထဲမဝင်ခင် သေနတ်နဲ့ လေးငါးချက် ပစ်ဖောက်သေးတယ်။ အဲ့ဒီအိမ်က ကောင်လေးကို ရှာတာ မတွေ့လို့ဆိုပြီး သူ့အစ်မနှစ်ဦးနဲ့ သူ့အစ်ကိုတဦးကို ဖမ်းသွားတယ်။ လူငယ်ကောင်လေးကို ဘာလို့လာရှာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ရှာဖွေတဲ့ လူငယ်ဟာ ခရီးထွက်နေတာ ရက်အနည်းငယ် ကြာမြင့်နေပြီး စစ်တပ်က မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးကာ အင်းတော်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က မြို့တွင်းမြို့ပြင် နှစ်နေရာမှာ ပြည်သူတွေရဲ့ တယ်လီဖုန်းတွေကို စစ်ဆေးပြီး နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောင်းသားတပ်မတော် ABSDF တို့ မကြာခဏ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ ဖြစ်ပါတယ်။