ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီလောက်က လျှပ်စစ်ကား (EV) အားသွင်းထားစဉ် မီးလောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သခင်ဗစိန်လမ်း တိုက်အမှတ် ၂၂ အရှေ့မှာ ကားအားသွင်းထားချိန် ပေါက်ကွဲပြီး မီးလောင်ခဲ့တာ လို့ ဒေသခံတဦးက ပြောပါတယ်။
"အားသွင်းထားတဲ့အချိန် ထပြီးပေါက်ကွဲတာပါ။ အရင်ကတော့ Ev ကားတွေကြောင့် သင်္ဘောတွေ မီးခဏခဏလောင်တာ ကြားဖူးပေမဲ့ အခုမှ မီးလောင်တာ တွေ့ဖူးတာပါ။ ကားတစီးပဲ လောင်တာပါ။ မီးကြိုးနည်းနည်းနဲ့ သစ်ပင်လေး နည်းနည်းပဲ ကူးသွားတာပါ။ အိမ်တွေတော့ မကူးသွားသလို လူထိခိုက်မှုလည်းမရှိခဲ့ပါဘူး။"
မီးလောင်မှုကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကား ၂ စီး၊ လူမှုကူညီရေးအဖွဲ့နဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် ၁၁ နာရီ ၁၄ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။