ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်း ကွိုက်နု ဝင်ရောက်တိုက်ခတ်အပြီး အခုချိန်ထိ ဒဏ်ရာရသူ အယောက် ၁၉၀ လောက် ရှိပေမဲ့ လူသေဆုံးမှုမရှိကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
အဆောက်အအုံတချို့ဟာ အသေးစားပျက်စီးမှုလောက်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက သန့်ရှင်းရေးတွေ လုပ်ဆောင်နေကြပြီး အောက်တိုဘာ ၅ ရက်မှာ ထိုင်ဝမ်ရဲ့ တောင်ပိုင်းကမ်းရိုးတန်းကို လေပြင်းတွေ ဆက်တိုက်ခတ်ခဲ့ပါတယ်။
မနေ့မွန်းလွဲပိုင်းက ထိုက်တွန်မြို့ အရှေ့တောင်ပိုင်းရှိ တောင်ပေါ်ရွာတရွာမှာ အလုပ်သမားတွေဟာ ပြိုကျနေတဲ့ သစ်ပင်တချို့ကို ရွှေ့ပြောင်းပြီး ဓာတ်အားလိုင်းတွေကို ပြုပြင်ပေးနေပါတယ်။
မနေ့ညနေပိုင်းကတည်းက လျှပ်စစ်မီးပြန်ရဖို့ စောင့်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
လေတိုက်နှုန်း တနာရီကို ၁၅၆ မိုင်နှုန်းအထိ ရှိနေတယ်လို့ ညွှန်ပြနေတဲ့ အမျိုးအစား ၄ တိုင်ဖွန်းမုန်တိုင်း ကွိုက်နုဟာ မနေ့မနက် အစောပိုင်းက ထိုင်ဝမ်ရဲ့ ဟန်းချမ်းကျွန်းဆွယ်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ကို ဦးတည်သွားတဲ့အတွက် အားပျော့သွားမယ်လို့ ခန့်မှန်းထားကြောင်း Tropical Storm Risk (TSR) ဝက်ဘ်ဆိုက်အရ သိရပါတယ်။
ထိုင်ဝမ်ရှိ မြို့ကြီးတွေနဲ့ ခရိုင်အများစုမှာ မနေ့က အလုပ်နဲ့ ကျောင်းတွေ ပိတ်ရက်လို့ သတ်မှတ်ထားပေမဲ့ စတော့ရှယ်ယာနဲ့ ငွေကြေးဈေးကွက်တွေ ရှိနေတဲ့ မြို့တော်တိုင်ပေမှာတော့ သက်ရောက်မှုမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။
Source/Photo-Reuters