ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက မြေစာပုံပြိုကျ ခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ အသက် ၆၀ ကျော် အရွယ် အမျိုးသားတယောက် ရေမဆေးကျောက် ရှာဖွေနေစဉ် ပေ ၂၀၀ နီးပါးခန့်ရှိတဲ့ ကမ်းပါးပြိုကျပြီးခဲ့တဲ့အတွက် မြေစာပုံပိမိပြီး သေဆုံးသွားခဲ့တာလို့ မှော်စီစာ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
"မှော်စီစာ သာယာကုန်းမှာ ညနေ ၄ နာရီလောက်က ကမ်းပါးပြိုကျတာ။ အောက်မှာ ရေမဆေးကျောက် ရှာဖွေနေသူတယောက် မြေစာပုံပိမိပြီး သေတယ်။ အသက် ၆၀ ကျော် လောက်ရှိမယ်။ ကမ်းပါးက အမြင့်ပေ ၂၀၀ လောက်ရှိတယ်။ အဲ့ဒီနေရာကလည်း ခဏ ခဏ မြေပြိုတဲ့နေရာ။ အခု သေဆုံးတဲ့ဦးလေးက မြေစာပုံပိပြီး ဆေးရုံရောက်မှသေသွားတာ။”
ကမ်းပါးပြိုကျလို့ အသက် ၆၀ ကျော်အရွယ် ဦးထွန်းအောင်ကျော်ဟာ မြေစာပုံပိမိခဲ့တဲ့အတွက် ခြေထောက်တဖက် မြေစာပုံ ပိမိ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံ အရောက်မှာ သေဆုံးသွားခဲ့တာပါ။
ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွေမှာ မိုးရာသီကာလအတွင်း နွံကန် ပေါက်တာတွေ၊ ကမ်းပါးပြိုကျ တာတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရလေ့ ရှိတာပါ။
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကလည်း သာယာကုန်းချောက် ကမ်းပါးပြိုကျလို့ ကမ်းပါးအောက်ရေအိုင်အတွင်း ရေချိုးနေသူ ကလေးငယ် နှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက် ရေထဲ မျောပါသွားပြီး အမျိုးသမီး တယောက် သေဆုံးခဲ့ပါသေးတယ်။
Photo- cj