ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောသွားကားလမ်း စစ်ဆေးရေးဂိတ်မှာ လူမှောင်ခိုနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မှုမရှိစေရေး ဝန်ရှိသူတွေက ယာဉ်အဝင်/အထွက် စစ်ဆေးဆောင်ရွက်နေစဉ် အောက်တိုဘာ ၄ ရက် မနေ့ နေ့လယ်ပိုင်းက ကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ တရားခံ ၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။
“ဘူးသီးတောင်ကနေ မောင်တော-တောင်ပြိုလမ်းက သင်္ဘောလှကျေးရွာကို သွားပို့တဲ့ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦး၊ သူတို့လွယ်လာတဲ့ ကျောပိုးအိတ်တွေကို စစ်ဆေးရာမှာ WY စိတ်ကြွဆေး ၁၀,၀၀၀ ပါတဲ့ အတောင့် ၇ တောင့် ဖမ်းမိတာ” လို့ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။
ဖမ်းဆီးရမိသူတွေမှာ ဘူးသီးတောင်မြို့၊ ပြင်ခေါင်ကျေးရွာက ရွှေစံအောင် (၃၈ နှစ်)၊ (ဘ) ဦးကျော်လှမောင်၊ ကထိလှကျေးရွာက လှမောင် (၄၂ နှစ်) (ဘ) ဦးမန်ကြီးအောင်၊ တောင်ကြာဦး (ခ) အောင်ကြာ (၃၀ နှစ်) (ဘ) ဦးစနေအောင်၊ မောင်တောမြို့နယ် ဂြိုက်ချောင်းရွာမှ ဒေးခေါ် (၄၂ နှစ်) (ဘ) ဦးမေယိုင်တို့ဖြစ်ပြီး သူတို့ စီးနင်းလိုက်ပါလာကြတဲ့ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးစဉ် သူတို့လွယ်လာတဲ့ ကျောပိုးအိတ်အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၀,၀၀၀ ဖမ်းဆီးရမိခဲ့ခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းချက်အရ အဲဒီဆေးပြားတွေကို မောင်တော-တောင်ပြိုလမ်းပေါ်ရှိ သင်္ဘောလှကျေးရွာကို ပို့ဆောင်ပေးပါက ငွေကျပ် ၃ သိန်း ရရှိမှာဖြစ်ပြီး စစ်တွေမြို့နေသူတဦးက ဖုန်းနဲ့ဆက်သွယ်လာတဲ့အတွက် ဘူးသီးတောင်မြို့ ပန်ဇင်းချောင်း တံတားအနီးရှိ စက်လှေဆိပ်မှာ သွားရောက်ယူဆောင်ခဲ့တာလို့ ရဲကြေးနန်းအရ သိရပါတယ်။
ရခိုင်ဒေသမှာ မူယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု များပြားလာနေပြီး သုံးစွဲသူလူငယ်တွေ များပြားလာနေတာဟာ ရခိုင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။
“ဒီလို မူးယစ်ဆေးပြောင်းပေးပြီး ငွေရတာကိုပဲ ရခိုင်ဒေသခံတွေက ဦးစားပေးလာနေကြတယ်။ အဲဒါက ဘာကြောင့်လဲလို့ လေ့လာလိုက်တဲ့အခါ ရခိုင်ဒေသမှာ စက်ရုံအလုပ်ရုံ ဘာမှမရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတို့ကြောင့် ဖြစ်တယ်။ လူငယ်တွေလည်း မူးယစ်ဆေးသုံးစွဲလာတာ များလာနေတယ်။ ဒါကြောင့် မူးယစ်ဆေးပပျောက်ဖို့က အလုပ်အကိုင် အခွင့်အလမ်းပေါ်မှာ မူတည်နေတယ်။”
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ တရားခံ ၄ ဦးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တောင်ဘဇာနယ်မြေရဲစခန်းဆီ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့် အရေးယူထားကာ ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး စစ်ဆေးနေကြောင်း တာဝန်ရှိသူတွေထံက သိရပါတယ်။