ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပင်လောင်းနယ်စပ်ရှိ ကသဲ (ရွှေပြည်အေး) ရွာ တောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသားတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းမှု မကြာခဏ ပြုလုပ်နေကြောင်း အောက်တိုဘာ ၅ ရက်မှာ သိရပါတယ်။
စစ်ကောင်စီဟာ ဘုရားတောင်ပေါ် တပ်စွဲထားတာကြောင့် ဒေသခံတွေ တောင်ယာထဲသွားရင်လည်း ကြောက်လန့်နေရပြီး မိမိလုံခြုံရေးကို အထူးစိုးရိမ်နေရကြောင်း သိရပါတယ်။
အခုအခြေအနေတွေကြောင့် ကသဲကျေးရွာ ဒေသခံတချို့ဟာ စစ်ရှောင်နေကြရပြီး စစ်မရှောင်နိုင်တဲ့ ရွာသားတွေလည်း ရှိတယ်လို့ သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ရွှေပြည်အေးရွာသားတဦးက “သူတို့က ဖမ်းချင်တဲ့လူကို ဖမ်းတယ်၊ ပြီးရင် ငွေနဲ့ လာရွေးခိုင်းတယ်။ တခါရွေးခိုင်းရင် တသိန်း နှစ်သိန်း အဲလောက်နဲ့ ရွေးခိုင်းတယ်။ သူတို့မေးရင် ပြန်ပြောခွင့်မရှိဘူး၊ ဟုတ် တခွန်းပဲ ပြန်ဖြေရတာ။ မဟုတ်ရင် သူတို့ ထိုးတယ်၊ သေနတ်ဒင်နဲ့ထုတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရွာထဲကျန်ခဲ့တဲ့ အဘိုး အဘွားနဲ့ မသန်စွမ်းတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို နှိပ်စက်တာ၊ မတရားခိုင်းစေတာတွေလည်း မကြာခဏ ပြုလုပ်နေကြောင်း သိရပါတယ်။
ပင်လောင်းမြို့ပေါ်ရောက် ရွှေပြည်အေးရွာ စစ်ရှောင်တဦးက “စစ်မရှောင်ခင် ရွာမှာနေတုန်း ကျနော့်အမေဆို မျက်စိမမြင်ဘူး။ အသက်ကလည်း ၇၀ ကျော်နေပြီ။ ပြီးရင် ကျနော့်မိန်းမနဲ့ ကလေး၊ ကလေးက ၇ နှစ်လောက်ပဲ ရှိသေးတာကို စစ်သားတွေက နေပူထဲ တနေကုန် လက်မြှောက်ခိုင်းတယ်။ အဲလိုတွေ နှိပ်စက်ခဲ့တာ၊ ဘယ်လိုမှ မခံနိုင်တော့လို့ စစ်ရှောင်ခဲ့ရတာ။ ရွာထဲကျန်တဲ့လူ အခုဆို သူတို့အတွက် ထမင်းတွေ၊ ရေတွေ သွားပို့ပေးရတယ်” လို့ ပြောပါတယ်။
ရွှေပြည်အေးကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲတွေကြောင့် ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ရွာသား ၂၀ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရတဲ့ ရွာသားထဲက ၂ ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။