Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် အရိပ်လည်းရ ဆေးဖက်လည်းဝင် ကုက္ကိုပင်
DVB
·
October 5, 2023
Article02_05102023

တော်လှန်ရေးလမ်းကြမ်းတလျှောက် ဆင်းရဲပင်ပန်းမှု ဒုက္ခအစုံစုံကြားမှာ ဇွဲမာန်ကိုတင်း တော်လှန်ရေးတောင်ကို ခက်ခက်ခဲခဲ ချီတက်ရင်း အာဏာရှင်အမြစ်ကို နုတ်ပြီး အနာဂတ်မှာ ဒီမိုကရေစီ ဖက်ဒရယ်ဉယျာဥ်တည်ဖို့ ပါဝင်ပူးပေါင်း သမိုင်းမှတ်တမ်းကောင်းအတွက် လုပ်ဆောင်နေသူတွေ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။

ဒီတပတ် ‌နွေဦးပြည်သူတွေအတွက် လက်လှမ်းမီဆေးပညာအနေနဲ့ ကုက္ကိုပင်ရဲ့ အစွမ်းသတ္တိနဲ့ ဆေးဘက်ဝင်ပုံအကြောင်းကို သိရှိပြီး အလွယ်တကူ အသုံးပြုနိုင်ဖို့ ရိုးရိုးရှင်းရှင်း မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။

ကုက္ကိုပင်ဟာ လူနဲ့ သတ္တဝါတွေအတွက် ဥတုသုံးပါးလုံး အေးမြတဲ့အရိပ်ကို ပေးပြီး ကျန်းမာရေးအတွက် ဆေးဘက်ဆိုင်ရာ အထာက်အကူပြုတဲ့အပင်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုက္ကိုပင်ရဲ့ ဆေးဘက်ဆိုင်ရာ အာနိသင်တွေကို သိရှိထားပြီး ဘယ်လိုသုံးစွဲနိုင်တယ် ဆိုတာ သိရှိထားခြင်းဖြင့် တော်လှန်ရေးခရီးရဲ့ ကျန်းမာရေးကဏ္ဍကို တထောင့်တနေရာက ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။

ကုက္ကိုပင်ရဲ့ အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အသီး၊ အစေ့၊ အစေး၊ အဆီ စတဲ့ အစိတ်အပိုင်းများကို ဆေးဘက်ဆိုင်ရာမှာ အသုံးပြုကြပါတယ်။

ကုက္ကိုပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ရောင်ရမ်းခြင်းကို ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ဘက်တီးရီးယားနဲ့ ဇီဝရောဂါပိုးတွေကို တိုက်ခိုက်နိုင်ခြင်း၊ ငှက်ဖျားနဲ့ အဖျားအမျိုးမျိုးကို တိုက်ခိုက်နိုင်ခြင်း စွမ်းရည်သတ္တိတွေအပြင် ကင်ဆာကို ခုခံနိုင်စွမ်းရှိခြင်းနဲ့ အနာကျက်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေ များစွာပါဝင်ပါတယ်။

ကုက္ကိုပင်အမြစ်ဟာ တီဘီရောဂါကို ခုခံနိုင်တိုက်ခိုက်နိုင်ပြီး ကင်ဆာရောဂါနဲ့ နား၊ မျက်စိ၊ ဝှေးစေ့တို့မှာဖြစ်တဲ့ အကျိတ်တွေကိုလည်း တားဆီးနိုင်စွမ်းရှိပါတယ်။

ကုက္ကိုရွက်ဟာ ကီမိုကွင်းခြင်းကြောင့် ဓာတုအဆိပ်သင့်ခြင်းကို သက်သာစေပြီး ဘက်တီးရီးယားနဲ့ ဇီဝပိုးမွှားတွေကို သေစေပါတယ်။

ကုက္ကိုပင်အခေါက်ဟာ ဝမ်းလျှောတာကို သက်သာစေပြီး အရောင်ကျစေတာအပြင် အနာသန့်ဆေးအဖြစ်လည်း သုံးစွဲနိုင်ပါတယ်။

အခေါက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဓာတ်သတ္တုအဆိပ်သင့်ခြင်း၊ ဆဲလ်ကလာပ်စည်းတွေ အဆိပ်သင့်ခြင်းတို့ကို လျှော့ချပေးနိုင်ပြီး ပိုးသတ်ဆေးအဖြစ်လည်း သုံးစွဲနိုင်ပါတယ်။

အခေါက်ဟာ ဝက်သက်၊ ရေကျောက်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းရောဂါနဲ့ လိပ်ခေါင်းသွေးယိုခြင်းတို့ကို သက်သာစေတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

အခေါက်ဟာ ဝမ်းချုပ်စေတဲ့အတွက် ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းဗိုက်နာခြင်းတို့မှာ သုံးစွဲပြီး အရွက်ဟာ ဝမ်းကိုပျော့စေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။

အပင်ကထွက်တဲ့ အစေးဟာ မျက်နှာပေါ်က အစက်အပျောက် အရေးအကြောင်းတွေကို ဖယ်ရှားနိုင်တဲ့အပြင်  အသားလှဆီအဖြစ် သနပ်ခါးနဲ့ သွေးလိမ်းနိုင်ပါတယ်။ ချွေးထုတ်ဆေး၊ ပန်းနာရင်ကျပ်ရောဂါ ကုသဆေးအဖြစ်လည်း သုံးစွဲနိုင်ပါတယ်။

အစေ့မှာ ငှက်ဖျားရောဂါနဲ့ ကြွက်သားတွေ တောင့်တင်းနာကျင်ခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါတယ်။

ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်း၊ လည်ချောင်းနာခြင်းတို့အတွက် အခေါက်အတွင်းသား ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၁-၂ ကြိမ် သောက်သုံးနိုင်ပါတယ်။

တီဘီရောဂါမှာ ကုက္ကိုရွက်ကြိတ်ညှစ် (သတ္တုရည်) ဟင်းစားဇွန်း ၁ ဇွန်း (သို့မဟုတ်) အမြစ်သွေးရည် ဟင်းစားဇွန်း တဝက်ကို ပဒဲကောမှုန့် ကော်ဖီဇွန်းဝက်နဲ့ ‌ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်နုကို အတို့ အမြှုပ်အဖြစ် တနေ့ ၁ ကြိမ် တို့စားပေးမယ်ဆိုရင် အာရုံကြောရောဂါတွေကို သက်သာစေပါတယ်။

အရွက်လတ်လတ်ဆတ်ဆတ်ဟာ ဝမ်းပျော့စေတဲ့အတွက် ဝမ်းချုပ်သူများအတွက် သင့်တော်ပါတယ်။

အိပ်မပျော်ခြင်းအတွက် အသီးရင့်ပြုတ်ရည် အကြမ်းပန်းကန် တဝက်စာကို ပျားရည် အနည်းငယ်ထည့်၍ ညမအိပ်မီ သောက်သုံးပေးနိုင်ပါတယ်။

လည်ချောင်းနာအတွက် အစေ့ ၄-၅ စေ့ကို တနေ့ ၁-၂ ကြိမ် ဝါးစားပေးပါ။ သွေးတိုးရောဂါအတွက် အရွက်ပြုတ်ရည် အကြမ်းပန်းကန် တဝက်စာကို သွေးတိုး အတက်အကျကို မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဆီးချိုရောဂါတွေ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး အရွက် သတ္တုရည် ကော်ဖီဇွန်း ၂ ဇွန်းခန့်ကို တနေ့ ၂-၄ ကြိမ်အထိ သောက်ပေးနိုင်ပါတယ်။

သွားနဲ့ ခံတွင်းရောဂါတွေမှာ အခေါက်ပြုတ်ရည် ငုံပေးခြင်း၊ အစေ့ကို ဝါးစားခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

အနာတွေမှာ အရွက်ပြုတ်ရည်နဲ့ ဖန်ဆေးပေးနိုင်သလို ထိခိုက်ပေါက်ပြဲအနာတွေအတွက် အရွက်သတ္တုရည်ကို လိမ်းပေး ထည့်ပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

နှင်းခူနဲ့ အရေပြားရောဂါတွေအတွက် အရွက်သတ္တုရည်ကိုဖြစ်စေ အခေါက်ကို သွေးလို့ ဖြစ်စေ လိမ်းပေးနိုင်ပါတယ်။

အဝလွန်ခြင်းအတွက် ကုက္ကိုရွက်စားပေးခြင်းဖြင့် သွေးတွင်းအဆီကို ကျစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။

သွေးအားနည်းရောဂါ ရှိသူများအတွက် ကုက္ကိုရွက် သတ္တုရည်ကို ပျားရည်၊ သကြား အသင့်အတင့် ရောစပ် သောက်သုံးနိုင်ပါတယ်။

ပြည်တည်နာတွေအတွက် အရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် ပြည်ပေါက်ပြီး အနာအမြန် သက်သာစေပါတယ်။

မျက်စိနာခြင်းအတွက် အရွက်သတ္တုရည်ကို မျက်စဥ်းခတ်ပေးနိုင်ပါတယ်။ ကီမိုဆေးတွေနဲ့ ဓာတုဆေးဝါးတွေ အဆိပ်သင့်ခြင်းအတွက် အရွက်ကို တို့မြှုပ်စားပေးခြင်း၊ အရွက်သတ္တုရည်ကို သောက်ပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

ငှက်ဖျားရောဂါနဲ့ အဖျားရောဂါ အမျိုးမျိုးအတွက် အခေါက် (သို့) အရွက်အရင့်ပြုတ်ရည် အကြမ်းပန်းကန်တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၃ ကြိမ်မှ ၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အစေ့ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သက်ကြီးပိုင်း အာရုံကြောရောဂါကို ကာကွယ်ပေးပါတယ်။

ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းအတွက် အစေ့မှုန့်ကို နှမ်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။

အမျိုးသားလိင်ပိုင်းဆိုင်ရာ အားနည်းခြင်းတွေအတွက် အစေ့မှုန့်ကို နွားနို့နဲ့ သုံးဆောင်နိုင်ပါတယ်။

အသီးတောင့်ဟာ သွေးဖိအား မြင့်တက်တာကို ကျစေပါတယ်။ ချောင်းဆိုးသွေးပါ၊ နှာခေါင်းသွေးယို၊ မျက်စိရောဂါတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အသီးတောင့်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ခန့် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကုက္ကိုပွင့်ဟာ သလိပ်ပျော်စေပြီး သန်ကောင်/တုတ်ကောင်ကို ကျစေပါတယ်။ အပွင့် ၄-၅ ပွင့်ကို ရေနွေးဖျောပြီး တို့မြှုပ်စားတာ၊ ထုထောင်းကြိတ်ချေပြီး ရေနွေးနဲ့သောက်ခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

ကုက္ကိုပွင့်မှုန့်ကို ပိတ်ချင်းမှုန့်၊ ပျားရည်တို့နဲ့ ရောစပ် သောက်ပေးခြင်းဖြင့် ပန်းနာရင်ကြပ် ရောဂါကို သက်သာစေပါတယ်။

အဆိပ်ရှိသတ္တဝါတွေ ကိုက်ခံရပါက အစေ့ကိုထုထောင်းပြီး ဒဏ်ရာပေါ်မှာအုံကာ ၃ နာရီခြား တခါ လဲလှယ်ပေးခြင်းဖြင့် အဆိပ်တက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ကုက္ကိုပွင့်သတ္တုရည် ၂ ဇွန်းကို ငရုတ်ကောင်းမှုန့် သုံးပုံတပုံထည့်ပြီး ၃ နာရီခြားခန့် ၁ ကြိမ်နှုန်း တိုက်ပေးခြင်းဖြင့် အဆိပ်များ လျော့ကျ သက်သာစေပါတယ်။

ကုက္ကိုစေ့ဆီကို အရေပြား အက်ကွဲနာများနဲ့ အသားလှဆီအဖြစ် လိမ်းကျံနိုင်ပါတယ်။

ကုက္ကိုပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ “တန်ဆေး လွန်ဘေး” ဖြစ်တဲ့အတွက် အလွန်အကျွံ စားသုံးမယ်ဆိုရင် အနည်းငယ် မူးဝေခြင်း၊ အော့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် တော်လှန်ပြည်သူတွေနဲ့ လက်လှမ်းမီဆေးပင်ဖြစ်တဲ့ ကုက္ကိုပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်ရင် အချိန်မရွေး သုံးစွဲနိုင်ဖို့ အလေးထား ရေးသားတင်ပြလိုက်ပါတယ်။

နွေဦးတော်လှန်ရေး မိတ်ဆွေ ရဲဘော်ရဲဘက်များအားလုံး တော်လှန်ရေးခရီးကို ကျန်းကျန်းမာမာနဲ့ ရဲရဲဝံ့ဝံ့ ကျော်ဖြတ်နိုင်ကြပါစေ။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024