ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်ထဲမှာ ကားတစီးပေါ်မှာ ဟင်းသီးဟင်းရွက်နဲ့ မုန့်ထုပ်တွေအကြား ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတချို့ ဖမ်းဆီးခံရတယ်လို့ အောက်တိုဘာ ၄ ရက် ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းရိန်းဂျားတပ်နဲ့ နယ်မြေခံတာဝန်ရှိသူတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ မယ်လမတ်မြို့နယ် ခနေကျိအုပ်စု ဖာလာ့ကျေးရွာအပိုင်းတွင်း စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် မသင်္ကာဖွယ် မီးခိုးရောင်နစ်ဆန်ကား တစီးကို တားဆီးစစ်ဆေးခဲ့ရာမှာ ဖမ်းမိခဲ့တာပါ။
ကားရှေ့ခန်းမှာ နိုင်းဆီမားဆိုသူ ကားမောင်းသူ ထိုင်းအမျိုးသားနဲ့ နန်းဆောင်ဒုံကယောက် ဆိုသူ ထိုင်းအမျိုးသမီးတို့ ဘေးကထိုင်ပြီး လိုက်ပါလာခဲ့ပါတယ်။
ယာဉ်မောင်းသူရဲ့ အနောက်က ထိုင်ခုံမှာတော့ မုန့်ထုပ်တွေကြား ပုန်းအောင်းလိုက်ပါလာသူနဲ့ ကားနောက်ခန်း ဟင်းသီးဟင်းရွက်တွေကြား ပုန်းအောင်းလိုက်လာတဲ့ တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူ ဖွင့်ဟဝန်ခံချက်အရ သူတို့တွေဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ သူ့ရဲ့တာဝန်ကတော့ အဲဒီအလုပ်သမားတွေကို နယ်စပ်ကနေ မယ်လမတ်က ပွဲစားထံကို ပို့ပေးဖို့ဖြစ်တယ်။ ပို့ခအနေနဲ့ ဘတ် ၃၀၀၀ ရကာ အဲဒီကနေ တခြားသူတွေက နောက်ထပ် လာခေါ်မှာဖြစ်တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။
သူတို့ကို ဖမ်းဆီးရမိတဲ့ အချိန်နဲ့ ဦးရေကို သတင်းမှာ ဖော်ပြထားခြင်းမရှိပေမဲ့ ဆက်စပ်သတင်းဓာတ်ပုံတွေအရ ယာဉ်မောင်းအပါအဝင် လမ်းပြ ၂ ဦးနဲ့ အလုပ်သမား ၄ ဦး တို့ကို တွေ့ရပါတယ်။
သူတို့အားလုံးကို လဝကဥပဒေအရ အရေးယူဖို့ မယ်လမတ်နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - chiangmainews