ဘူးသီးတောင်မြို့နယ်၊ သင်္ဘောဆိပ်အနီးအောက်တိုဘာ ၂ ရက်နေ့ ညနေက လူမှောင်ခိုပွဲစား ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
“လူကုန်ကူးမှုသတင်းအရ တာဝန်ရှိသူတွေ စောင့်ဖမ်းကြတာဗျ။ လူကုန်ကူးသူ ၂ ဦးနဲ့ သူတို့ခေါ်လာသူ ၂ ဦးကို ဘူသီးတောင်ဘုတ်ဆိပ်မှာ ဖမ်းတာ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လူမှောင်ခိုပွဲစား ၂ ဦးမှာ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာမှ မာမောက်အာယစ်နဲ့ အဒူလာမိန် တို့ဖြစ်ပြီး သူတို့ခေါ်ဆောင်လာသူ ၂ ဦးကတော့ ဘူးသီးတောင်မြို့နယ်၊ သပြေတောကျေးရွာမှ အဒူလာနဲ့ မောင်တောမြို့နယ်၊မြင်းလွတ်ကျေးရွာအုပ်စုနေ အော်ဇီဒါ တို့ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ပွဲစား မာမောက်အာယစ် နဲ့ အဒူလာမိန်တို့ဟာ မလေးရှားနိုင်ငံကို သွားရောက်လိုတဲ့ ရိုဟင်ဂျာတွေကို စုဆောင်းကာ ရသေ့တောင်မြို့နယ်ရှိ ပွဲစားဆီကို ထပ်မံပို့ဆောင်ပေးရကြောင်း၊ ပွဲစားခ တဦးကို ငွေကျပ် ၃ သိန်း ခရရှိပြီး အခုနှစ်အတွင်း ပို့ဆောင်ပေးခဲ့တာ ၆ ဦးရှိပြီဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့က တဆင့်ခံပွဲစားတွေ။ လူတဦး ရှာပေးနိုင်လျှင် ၃ သိန်းရတယ်။ ရသေ့တောင်က လူပွဲစားဂိုဏ်းကို ပို့ပေးရတယ်လို့ သိရတယ်။ ရသေ့တောင်လူကုန်ကူဂိုဏ်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်။”
လူကုန်ကူးခံရတဲ့ အဒူလာနဲ့ အော်ဇီဒါတို့ဟာ ပို့ဆောင်ခ ငွေကျပ်သိန်း ၆၀ ကို မလေးရှား ရောက်ရှိမှသာ ပေးချေရမှာလို့ ဆိုပါတယ်။
သူတို့ ၂ ဦးအား မိဘတွေဆီ ပြန်လည်အပ်နှံခဲ့ပြီး လူမှောင်ခိုပွဲစား ၂ ဦးကိုတော့ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူကာ ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး စစ်ဆေးနေတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းမရှိတာကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာ အများအပြား လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ မလေးရှားနိုင်ငံကို သွားရောက်နေကြတယ်လို့ သိရပါတယ်။