အီတလီနိုင်ငံမြောက်ပိုင်း ဗင်းနစ်မြို့အနီးရှိ တံတားပေါ်ကနေ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး အောက်တိုဘာ ၃ ရက်က ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်တာဝန်ရှိသူတွေက ပြောပါတယ်။
ဘတ်စ်ကားဟာ လမ်းချော်သွားပြီး ဗင်းနစ်မြို့ကို တံတားတခုနဲ့ ဆက်သွယ်ထားတဲ့ မက်စ်တရီခရိုင်ရှိ မီးရထားလိုင်းတွေနဲ့ နီးနီးကပ်ကပ် ပြုတ်ကျခဲ့ကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြပါတယ်။
မော်တော်ယာဉ်ဟာ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်လောက်မှာ လျှပ်စစ်ဓာတ်အားကြိုးလိုင်းပေါ် မီတာ ၃၀ လောက် ပြုတ်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဘတ်စ်ကား မီးလောင်ပြီးနောက်မှာ အလောင်း ၁၈ လောင်းကို အပျက်အစီးမှ ဆွဲထုတ်နိုင်ခဲ့ကြောင်း စကိုင်း အီတာလီယာ ရုပ်သံက ဖော်ပြခဲ့ပြီး တခြား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဗင်းနစ်မြို့တော်ဝန် လူဝီဂျီ ဘရူနာရိုဟာ အခင်းဖြစ်ပွားတဲ့နေရာက ဘတ်စ်ကား အပျက်အစီးတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
“သေဆုံးသူ ၂၀ ထက်မနည်းရှိပေမဲ့ အပျက်အစီးတွေထဲမှာ လူတချို့ ပိတ်မိနေဆဲပါ” လို့ မြို့တော်ဝန် ဘရူနာရိုက အီတလီနိုင်ငံပိုင် ရုပ်သံလိုင်း Rai News24 ကို ပြောပါတယ်။
ဘေးသင့်သူတွေထဲက အခြေအနေ စိုးရိမ်ရသူတွေဟာ ပါဒိုဗာမြို့မှာရှိနေပြီး တချို့လူတွေက မီးလောင်ခံထားရတယ်လို့ ဘရူနာရိုက ပြောပါတယ်။
ဒီမတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ စုံစမ်းမေးမြန်းမှုတခုအရ သေဆုံးသူတွေထဲမှာ ပါဝင်တဲ့ အသက် ၄၀ အရွယ် အီတလီလူမျိုး ယာဉ်မောင်းမှာ ယာဉ်တိုက်မှုမတိုင်ခင်က နေမကောင်းဖြစ်နေကြောင်း သိရတယ်လို့ ဗင်းနစ်မြို့ကောင်စီဝင် ရီနာတို ဘိုရာဆိုက ပြောပါတယ်။
သေဆုံးသူ ၂၁ ဦး၊ ဒဏ်ရာရသူ ၁၂ ဦးရှိပြီး ပျောက်ဆုံးနေသူ ၄ ဦး၊ ၅ ဦးလောက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဌာနခွဲတခုဖြစ်တဲ့ ဗင်းနစ်စီရင်စုကို အီတလီသတင်းဌာန ANSA က ကိုးကားဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာနိုင်ကြောင်း တခြားသတင်းအေဂျင်စီတွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters