ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ လွိုင်ကော်ဟိုတယ်ဝင်းအတွင်း မီးကြိုးခိုးနေသူတဦး ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက် ညက ဖြစ်ပွားခဲ့ပြီး သေဆုံးသူအလောင်းကို အောက်တိုဘာ ၃ ရက် မနက်မှာ တွေ့ရှိခဲ့ပြီးနောက် ရွှေညောင်ပင် လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ကာ လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ရွှေညောင်ပင် လူမှုပရဟိတအသင်း ဒုဥက္ကဋ္ဌ ကိုကျော်ကြီးက “သူက မီးကြိုးဖြုတ်နေရင်း ဓာတ်လိုက်ပြီး ဆုံးသွားတာ။ ဒီမနက်ရောက်တော့ သေဆုံးသူကို သူ့မိသားစုဝင်တွေ ပြန်သယ်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေ တနေ့ထက်တနေ့ ပိုများလာပြီး အိမ်မီးကြိုး၊ စက်ရုံမီးကြိုး ဖြုတ်ခံရမှု၊ အိမ်ဖောက်ခံရမှုလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။