Home
မြန်မာသတင်း
လွိုင်ကော်တွင် ရေကြီးပြီး နေအိမ်များနှင့် စစ်ရှောင်စခန်းများ နစ်မြုပ်ပျက်စီး
DVB
·
September 18, 2024
fl 7
fl 6
fl 5
fl 4
fl 3
fl 2
fl 1

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ မြင့်တက်လာမှုကြောင့် မကြုံစဘူး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ မိုးဗြဲဆည်ရေ လွှတ်မှုကြောင့် စက်တင်ဘာ ၁၁ ရက်ကတည်းက ဘီလူးချောင်းရေ စတင်မြင့်တက်လာခဲ့ပြီး မနေ့ စက်တင်ဘာ ၁၇ ရက်မှာ ရေဟာ အဆိုးဆုံး မြင့်တက်ပြီး လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတော်များများ ရေလွှမ်းမိုးခဲ့ပါတယ်။

လွိုင်ကော်မြို့ နမ့်ကွပ်၊ ဒေါနိုးကူး၊ မင်းစု၊ ရှမ်းပိုင်း၊ ရွှေတောင်၊ မင်္ဂလာရပ်ကွက်တွေမှာ ရေလွှမ်းနေပြီး အဆိုးဆုံးမှာ နမ့်ကွတ်ရပ်ကွက်နဲ့ ဒေါနိုးကူးရပ်ကွက် ဖြစ်တယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။

“နမ့်ကွတ်၊ ဒေါနိုးကူး အဆိုးဆုံး၊ မင်းစုရပ်ကွက် ကုန်းနိမ့်ပိုင်း၊ ရှမ်းပိုင်း တရပ်ကွက်လုံးနီးနီး၊ ရွှေတောင်တရပ်ကွက်လုံး၊ ရေအနက်ဆုံးနေရာ လူတရပ်စာ၊ မင်္ဂလာရပ်ကွက် နေအိမ်တချို့နဲ့ လမ်းပေါ်ရေရောက်။ ရေများနိုင်တဲ့ ရပ်ကွက်တချို့ကို ရေဘေးအန္တရာယ်အရ ရွှေ့ပြောင်းဖို့ အသိပေး၊ အကူအညီ လိုအပ်သူများကိုပါ မီးသတ်အဖွဲ့က ရွှေ့ပြောင်းပေးနေတယ်။”

ဒါ့အပြင် လွိုင်ကော်မြို့နဲ့ ဆက်နေတဲ့ ကျေးရွာတွေဖြစ်တဲ့ မှုံပြာ၊ ဘုရားဖြူ၊  ဘုရားနီ အပါအဝင် ဘီလူးချောင်းတလျှောက် ကျေးရွာတွေ ရေနစ်မြုပ်ကုန်တယ်လို့လည်း ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “မိုးဗြဲရေကာတာ ရေထပ်လွှတ်ချတဲ့အတွက် လွိုင်ကော်မြို့လယ် ရေဆက်လက် မြင့်တက်နေပါတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေက နေအိမ်တွေ ရေမြုပ်ကုန်ပါတယ်။ မိုးဗြဲ ညောင်ဝိုင်းရပ်ကွက်တကြော၊ ဘုရားနီ၊ ဘုရားဖြူ၊ ဖောင်းတော အကုန် ရေကြီးနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိအထိ လွိုင်ကော်မြို့ပေါ် ရေကြီးရပ်ကွက်တွေက ပြည်သူတွေ နီးစပ်ရာ ဆွေမျိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်နေတယ်လို့ ရွှေလွိုင်ကော် ပရဟိတအဖွဲ့က ပြောပါတယ်။

“နမ့်ကွတ်ဘက်ဆိုရင် အကုန်လုံးလိုလို ရေနစ်သွားတာ။ တချို့ဆိုရင် အိမ်ခေါင်မိုးပဲ ကျန်တော့တယ်။ အဲဒီဘက်တော့ ရေကြီးတော့ မရောက်ဖြစ်ဘူး။ အဲဒီတော့ တချို့လည်း နီးစပ်ရာအိမ်မှာ၊ တချို့တော့လည်း ဘုန်းကြီးကျောင်းတွေမှာပေါ့။  စားဖို့သောက်ဖို့တော့ လိုအပ်တယ်။ ကျနော်တို့လည်း အဲဒီဘက် မရောက်သေးတော့ အခြေအနေ အကုန်မသိရသေးဘူး။”

ဒါ့အပြင် လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက ရေဘေးသင့် ကျေးရွာတချို့ဖြစ်တဲ့ နိုးကိုး၊ ဒေါ်ပေါ်ကလဲ စတဲ့ကျေးရွာတွေမှာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ်က တခြားမြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှားတောမြို့နယ်တွေမှာလည်း ပွန်ချောင်းရေကြီးမှုနဲ့ သံလွင်မြစ်ရေ မြင့်တက်ခဲ့မှု ကြောင့်  စစ်ရှောင်စခန်း ၈ ခုနဲ့ ကျေးရွာအတော်များများ ရေကြီးနစ်မြုပ်ခဲ့ပြီး စိုက်ခင်းအတော်များ များ ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကွယ်ရေးတပ် ပြောခွင့်ရသူက ဆိုပါတယ်။

“ကျနော်တို့ဘက်က ရေက တောက်လျှောက်ကြီးတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်း ပွန်ချောင်း တလျှောက်လုံးမှာရှိတဲ့ ရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ မြို့တွေ ရေကြီးတယ်။ ရှားတောမြို့နယ်ထဲကဆိုရင် ရွာက ပွန်ချောင်းတလျှောက်လုံးမှာရှိတဲ့ ရွာ ၃ ရွာလောက်မှာ ရေကြီးတယ်။ အိမ်တွေတော်တော်များများ ရေမြုပ်တယ်။ အဆိုးဆုံးကတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေပေါ့။ ပွန်ချောင်းအနီးမှာရှိတဲ့ စစ်ရှောင်စခန်း ၇ ခုလောက်က ရေမြုပ်ကုန်တယ်။ တချို့ကျေးရွာဆိုလို့ရှိရင် ရေမြုပ်ပြီး ပြန်ကျရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ စစ်ရှောင်စခန်းကကျတော့ ရေမြုပ်တာထက် သူတို့တဲအိမ်တွေ အကုန်လုံး ပါသွားတာ။ နောက် ခု တောင်သူတွေရဲ့ နှမ်းတွေ ဘာတွေ ခုတ်ပြီး နောက်ဆုံးအဆင့် လုပ်ရမယ့် အနေအထားမျိုးမှာ ရုတ်တရက် ချောင်းရေကကြီးလာတော့ အကုန်လုံးက ပါသွားတာမျိုးပေါ့။ ဆိုတော့ စိုက်ပျိုးသီးနှံလည်း ဆုံးရှုံးတယ်။ နေအိမ်တွေပါ ပါသွားတာမျိုးပေါ့။ ဘောလခဲလည်း ရေတော်တော်မြုပ်တယ်။ ထွေအုပ်ရုံးတို့ ဘာတို့ပေါ့။ လမ်းမကြီးနဲ့ နတလကျောင်အထိ ရေမြုပ်တယ်လို့ ပြောတယ်။ အဓိကတော့ မိုးကြီးလို့ ပွန်ချောင်းတလျှောက်လုံး ရွာတွေကော မြို့တွေကာ မြုပ်ကုန်တာပေါ့။”

ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတောနဲ့ ဘောလခဲမြို့နယ် တွေမှာ  စက်တင်ဘာ ၂၈ ရက်အထိ သေဆုံးသူရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။ 

သေဆုံးသူတွေထဲမှာ ဒီးမော့ဆိုမြို့နယ်မှာ ၁၈ ယောက်နဲ့ အများဆုံးသေဆုံးပြီး ဖယ်ခုံမြို့နယ်မှာ ၄ ယောက်၊ လွိုင်ကော်မြို့နယ်မှာ ၄ ယောက်၊ ရှားတောနဲ့ ဘောလခဲမြို့နယ်မှာ တ‌ယောက်စီ ဖြစ်ပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် နေအိမ် ၃၂၀ ထက်မနည်း ရေထဲမျောပါသွားခဲ့သလို လူပေါင်း ၂၀,၀၀၀ ခန့် လည်း ရေဘေးကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုးများပြီး နေရာတော်တော်များများ ရေကြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့ရာမှာ ရှမ်းပြည်နယ် တောင်ကြီး၊ ရွှေညောင်၊ ‌ညောင်ရွှေဘက်ကနေ စီးကျလာတဲ့ ရေတွေဟာ အင်းလေးကန်ကို စီးဆင်းပြီး အင်းလေးကနေတဆင့် မိုးဗြဲရေကာတာကို ဝင်ရောက်ပါတယ်။

မိုးဗြဲရေကာတာဟာလည်း  အဆမတန် ရေထုမြင့်မားလာမှုကြောင့် ရေကာတာကနေ ရေလွှတ်ချပြီး ဘီလူးချောင်းထဲ စီးဆင်းတဲ့အတွက် ဘီလူးချောင်းတလျှောက် ကျေးရွာနဲ့ မြို့တွေမှာ ရေကြီးရေလျှံ တာတွေ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေညောင်၊ ညောင်ရွှေဘက်မှာ ရေကြီး ရေမြုပ်ကြသလို အောက်ဘက်ဖြစ်တဲ့ မိုးဗြဲတလျှောက်၊ ဒီးမော့ဆို အရှေ့ခြမ်း၊ လွိုင်ကော်မြို့ တဝိုက်တွေက တကြိမ်တခါမှ မဖြစ်ဘူး မကြုံဘူးတဲ့ ရေကြီး ရေမြုပ်မှုကို ကြုံနေရတာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မိုးဗြဲဆည်က မလွှတ်လို့မရဘူး။ ဆည်က ကျိုးကျရင် ပိုပြီးဒုက္ခရောက်မယ်လေ။ ဆည်လွှတ်တယ် ဆိုတာ သူ့ရဲ့ ခံနိုင်ရည်အားကို ကျော်နေပြီ။ မလွှတ်လို့ကို မရတော့ဘူး။ မလွှတ်ဘဲ ဆည်ကြီး တခုလုံး ကြိုးကျသွားပြီဆိုရင်တော့ အများကြီး နစ်နာဆုံးရှုံးသွားမယ်လေ။”

ရေလွှတ်မှုကြောင့်လည်း အခု လွိုင်ကော်မြို့မှာ ဒီကနေ့အထိ ရေက ဆက်ပြီး တက်နေတယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024