မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာမှာ အောက်တိုဘာ ၃ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်တပ်အငြိမ်းစား ဗိုလ်ကြီးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
နေအိမ်မှာ ဈေးရောင်းနေတဲ့ အသက် ၅၄ နှစ်အရွယ် အငြိမ်းစား ဗိုလ်ကြီး ဦးဝင်းနောင်ကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးဝင်းနောင်ဟာ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ကြာပန်းဒေသခံ တစ်ဦးက“သူ(ဦးဝင်းနောင်) ပစ်သတ်ခံရပြီးမှ စစ်တပ်အငြိမ်းစား ဗိုလ်ကြီး သိရတာ။ နေတာ သိုသိုဝှက်ဝှက်ပဲ၊ ဖြစ်ပြီး နာရီဝက်လောက်အကြာမှာ စစ်တပ်က ရောက်လာတာ။ ပိတ်ပြီး စစ်တာ ဘာတို့ ညာတို့ မရှိဘူး”လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရလိုက်ရတဲ့ ဦးဝင်းနောင်ဟာ အမှတ် (၁) စစ်သားစုဆောင်းရေးတပ်ကနေ ကျန်းမာရေး မကောင်းတာကြောင့် ဗိုလ်ကြီးအဆင့်နဲ့ အငြိမ်းစားယူထားသူ ဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံသူတွေထံကနေ သိရပါတယ်။
သထုံမြို့နယ်ကာကွယ်ရေး အင်အားစုအဖွဲ့ကတော့ ဦးဝင်းနောင်ဟာ အာဏာသိမ်း စစ်တပ်အတွက် သတင်းစုဆောင်းပေးပို့တာ၊ တပ်သားသစ် စုဆောင်းရရှိနိုင်ဖို့ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ကြာပန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၂၄) ခြေမြန်တပ်ရင်းဟာ နေ့စဉ်နဲ့အမျှ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။