ဘာစီလိုနာအသင်းမှာ ရှိစဉ်က မက်ဆီသာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ လိမ်ညာပြောခဲ့ရကြောင်း ဂါနာတိုက်စစ်မှူး ကီဗင်ပရင့်ဘိုတန်က ဝန်ခံပြောသွားပါတယ်။
ဘိုတန်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အီတလီကလပ် ဆက်ဆူအိုလိုကနေ ဘာစီလိုနာကို အငှားစာချုပ်နဲ့ ကစားခဲ့ဖူးတာပါ။
ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့စဉ်က ဘယ်သူက ကမ္ဘာ့အကောင်းဆုံးကစားသမားလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ရပြီး မက်ဆီလို့ လိမ်ညာပြောခဲ့ကြောင်း၊ အဲဒီလိမ်ညာမှုဟာ ဘဝတလျှောက်မှာ အကြီးမားဆုံးလိမ်ညာမှုဖြစ်ကြောင်း ပရင့်ဘိုတန်က ပြောပါတယ်။
“ပုံမှန်ဆိုရင် အမှန်တရားကိုပဲ ပြောလေ့ရှိပေမဲ့ ဘာစီလိုနာဂျာစီကို ဝတ်ဆင်နိုင်ဖို့က လိမ်ညာပြောဖို့ပဲ ရှိတာကြောင့် ဖြစ်တယ်။ ကျနော် ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ်ကို အားပေးခဲ့တာပါ။ ခရစ္စတီယာနိုရော်နယ်ဒိုကို ကျနော် နှစ်သက်တယ်။ ဒါပေမဲ့ မက်ဆီသာ အကောင်းဆုံးကစားသမားလို့ ပြောခဲ့ရတယ်။ ဒီလိုမပြောဘူးဆိုရင် ကျနော် ကစားခွင့်ရမှာ မဟုတ်ပါဘူး”လို့ ပရင့်ဘိုတန်က ပြောပါတယ်။
မက်ဆီက အသင်းခေါင်းဆောင်ဆိုပေမဲ့ စကားပြောလေ့ရှိသူ မဟုတ်ကြောင်း၊ ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်မှုအကြောင်းသာ ပြောဆိုခဲ့ဖူးကြောင်း ဘိုတန်က ပြောသွားပါတယ်။
Photo-Reuters