ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်ကစတင်ကာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်စာသင်ကျောင်းမှာ လုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၅ ဦးကို KIA၊ PDF ပူးပေါင်းအဖွဲ့တွေက စတင်ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားတာလို့ ဆိုင်းတောင်ကျေးရွာ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်နေတာကတော့ နေ့လယ် ၁၂ နာရီလောက်က ပစ်ခတ်နေတာ။ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ လက်နက်ကြီးကတော့ ဆိုင်းတောင် ရွာလယ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကပစ်တာ။ ကျောင်းနားက အိမ်ကို လက်နှက်ကြီးကျတော့ ကလေးတွေလည်း ထွက်ပြေးရတယ်။ ဟိုပင် လက်ဖက်ရည်ဆိုင်နားက အိမ်လည်း မီးလောင်သွားတယ်။”
စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နှက်ကြီးကြောင့် ဆိပ်မှုကျေးရွာ အထက်တန်းကျောင်းအနီး နေအိမ် ၁ လုံးနဲ့ ဟိုပင်လက်ဖက်ရည်ဆိုင်အနီး နေအိမ် ၁ လုံးမီး လောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ရဲကလည်း ပြန် ပစ်တယ်။ နောက်တော့ စစ်ကောင်စီဘက်က တပ်ကူတွေ ကားနဲ့ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။ ရွာထဲမှာ အခုချိန်ထိ ပစ်ခတ်မှု ဖြစ်နေတုန်းပါ။ ကျန်တာကိုတော့ ကျနော်တို့လည်း မသိဘူး” လို့ ဆိုင်းတောင်ကျေးရွာ ဒေသခံ နောက်တဦးက ပြောပါတယ်။
အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်အထိ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားနေတာကြောင့် ထိခိုက်သေဆုံးတာ ရှိ မရှိကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာ ရွာလယ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နှက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့လို့ နေအိမ်တလုံးပျက်စီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ အရွယ် ဇနီး မောင်နှံနှစ်ဦး ကျောကုန်း ဝမ်းဗိုက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရှိခဲ့ပါသေးတယ်။
စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းကလည်း ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးရုံးတခုကို KIA၊ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။