တူရကီလုံခြုံရေးတပ်ဖွဲ့တွေဟာ တနိုင်ငံလုံးရှိ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ အယောက် ၉၀ နီးပါးကို ညတွင်းချင်း ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
မြို့တော် အန်ကာရာက ဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်ကြောင်း PKK အဖွဲ့က အခိုင်အမာပြောဆိုခဲ့ပြီး ၂ ရက်အကြာမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းရှိ PKK ကာ့ဒ်စစ်သွေးကြွအဖွဲ့ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ယူနစ်တွေကို ဖြိုခွင်းနှိမ်နင်းဖို့ ပြည်နယ် ၁၆ ခုကျော်မှာ စစ်ဆင်ရေးပေါင်း ၄၄၆ ခုကို ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက X ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်က တိုက်ခိုက်သူ ၂ ဦးဟာ အန်ကာရာရှိ အစိုးရအဆောက်အအုံတွေ အနီးမှာ ဗုံးတလုံး ဖောက်ခွဲခဲ့ရာမှာ သူတို့ ၂ ဦးလုံး သေဆုံးခဲ့ပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ PKK စစ်သွေးကြွအဖွဲ့က ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
PKK အဖွဲ့ရဲ့ ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ တူရကီအစိုးရဟာ အစ္စတန်ဘူလ်က သံသယရှိသူတွေကို ညတွင်းချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းမှာ အီရတ်မြောက်ပိုင်းရှိ စစ်သွေးကြွပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source/Photo-Reuters