တူရကီနိုင်ငံဟာ Instagram အသုံးပြုခွင့်ကို ဩဂုတ် ၂ ရက်က စပြီး ပိတ်လိုက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
Instagram ဟာ နိုင်ငံရဲ့ စည်းမျဉ်းနဲ့ ဥပဒေတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့လို့ အသုံးပြုခွင့် ပိတ်တာ ဖြစ်ကြောင်း တူရကီဝန်ကြီး တဦးက ဆိုပါတယ်။
ဒီပိတ်ပင်မှုဟာ ဟားမက်စစ်သွေးကြွခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရပြီးနောက် ဆိုရှယ်မီဒီယာ မှာ ဝမ်းနည်းကြောင်း ပြောဆိုမှုတွေကို Instagram က ပိတ်ပင်ခဲ့တယ်လို့ အစိုးရထိပ်တန်းအရာရှိ တဦးက ပြောဆိုမှုအပြီးမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
တူရကီနိုင်ငံမှာ Instagram အသုံးပြုခွင့်ပိတ်ပင်မှုဟာ အစိုးရရဲ့တရားဝင် ညွှန်ကြားမှုကြောင့် ဖြစ်ကြောင်း အင်တာနက်ကုမ္ပဏီ NetBlock က ပြောပါတယ်။
တူရကီသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အော်လ်တန်က ဟာနီယာ လုပ်ကြံခံရမှုကို ဝမ်းနည်းကြောင်း ပို့စ်တင်မှုတွေကို ပိတ်ပင်ခဲ့တဲ့ Instragram ကို ဆိုရှယ်မီဒီယာ X မှာ ဝေဖန်ခဲ့ပါတယ်။
Instragram ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ တူရကီနိုင်ငံရဲ့ လူဦးရေ ၈၅ သန်းအနက် သန်း ၅၀ က Instagram အကောင့်အသုံးပြုနေတာကြောင့် လူသုံးများတဲ့ ဆိုရှယ်မီဒီယာ တခု ဖြစ်ပါတယ်။
Instragram အသုံးပြုခွင့်ပိတ်ပင်တာဟာ တူရကီနိုင်ငံအတွင်း ပထမဆုံး ပိတ်ပင်မှုတော့ မဟုတ်ပါဘူး။
တူရကီနိုင်ငံဟာ wikipedia ကို ၂၀၁၇ ဧပြီလကနေ ၂၀၂၀ ဇန်နဝါရီလအထိ အသုံးပြုခွင့် ပိတ်ပင် ခဲ့ဖူးပါတယ်။
Source-Reuters