ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အဓမ္မပြုကျင့်ခံရသူတွေကို ကူညီပေးရာမှာ ကျော်ကြားသူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မီးယပ်သားဖွားဆရာဝန် ဒန်းနစ် မူခွယ်ဂီဟာ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အောက်တိုဘာ ၂ ရက်က ပြောလိုက်ပါတယ်။
လိင်အကြမ်းဖက်မှုကို ဆယ်စုနှစ် နှစ်ခုနီးပါး တိုက်ဖျက်ရေးအတွက် ၂၀၁၈ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့တဲ့ မူခွယ်ဂီဟာ ကွန်ဂိုနိုင်ငံမြို့တော် ကင်ရှာဆာက ညီလာခံတရပ်မှာ သူ့ကို ထောက်ခံသူတွေကို ရွှင်ရွှင်ပျပျ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
လက်ရှိအစိုးရကို ဝေဖန်တာနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ မိန့်ခွန်းအတွင်း ပြောခဲ့တာဖြစ်ပေမဲ့ တိကျတဲ့မူဝါဒ အဆိုပြုချက် နည်းနည်းသာ ကမ်းလှမ်းခဲ့ပါတယ်။
“ကျနော်တို့ရဲ့ တခုတည်းသော စေ့ဆော်မှုဟာ ကျနော်တို့နိုင်ငံကို ကယ်တင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ပါ” လို့လည်း သူက ပြောပါတယ်။
သူ့အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ပြောပြမယ်လို့လည်း ဆိုပါတယ်။
“မိန်းမတွေကို ပြုပြင်ပေးတဲ့သူ” လို့ နာမည်ပြောင် ပေးခံထားရတဲ့ အသက် ၆၈ နှစ်အရွယ် ဆရာဝန်ဟာ ၁၉၉၉ ခုနှစ်မှာ သူတည်ထောင်ခဲ့တဲ့ ပန်ဇီဆေးရုံမှာ စစ်ပွဲအတွင်း မုဒိမ်းကျင့်ခံရသူ ရာပေါင်းများစွာကို ကုသပေးခဲ့ပါတယ်။
ဒီဆေးရုံဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း ပြည်တွင်းစစ်နှစ်ခုရဲ့ လက်ကျန် ပြည်သူ့စစ်အဖွဲ့တွေက အရပ်သားတွေကို စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေတဲ့ ကွန်ဂိုအရှေ့ပိုင်းမှာ ရှိပါတယ်။
စီးပွားရေးကျပ်တည်းမှု၊ ကပ်ရောဂါတွေနဲ့ ကွန်ဂိုအရှေ့ပိုင်းမှာ ပိုမိုဆိုးရွားလာတဲ့ မလုံခြုံမှုတွေကြောင့် ပထမသက်တမ်းမှာတင် နာမည်ပျက်နေတဲ့ သမ္မတ ဖီးလစ်ခ်စ် ချီဇက်ကေဒီကို ဆန့်ကျင်တဲ့အနေနဲ့ သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အရွေးခံမှာ ဖြစ်ပါတယ်။
Source/Photo-Reuters