ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီပေါင်း ၃၀၀ ကျော်က မြန်မာလုပ်သား ၁၀၀၀ နီးပါး ထပ်မံခေါ်ယူသွားမယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ ၂ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံမှ ခေါ်ယူတဲ့ အလုပ်ကမ်းလှမ်းစာ ၃၁၄ စောင်ကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဂျပန်နိုင်ငံ တိုကျိမြို့ရှိ မြန်မာသံရုံးဆီ ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ (Demand Letter) တွေကို အချိန်နဲ့ တပြေးညီ စိစစ် ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။
စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားတွေကို စိစစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဂျပန်စာသင်ယူတဲ့ လူငယ်တယောက်က "အခုလို ဂျပန်နိုင်ငံကနေ အလုပ်တွေခေါ်ယူတာ မြန်မာနိုင်ငံသားတယောက်အနေနဲ့က ကြိုဆိုပါတယ်။ မြန်မာပြည်တွင်းမှာက အလုပ်အကိုင်အခွင့်လမ်းက မရှိသလောက်ဘဲ၊ ပြည်ပကိုပဲ နေ့ချင်းသွားနေကြတာလည်း များလာတယ်” လို့ ပြောပါတယ်။
လက်ရှိ စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည်ပေးပို့နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပကို သွားရောက်လုပ်ကိုင်ကြတဲ့အထဲ အရှေ့တောင်အာရှနိုင်ငံတွေကို အများဆုံးထွက်ခွာနေကြတာပါ။