ပညာသင်နှစ်အလိုက် ထောက်ပံ့ပေးနေတဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေတွေကို အရင်ကလို ကော်မတီတွေ မဖွဲ့စည်းတော့ဘဲ ကျောင်းအုပ်တွေကိုယ်တိုင် ခြယ်လှယ်သုံးစွဲခွင့် ရနေတယ်လို့ အခြေခံပညာအသိုက်အဝန်းက သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေ ထောက်ပံ့ပေးတဲ့ အစီအစဥ်ကို ၂၀၁၂-၁၃ ပညာသင်နှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
အာဏာမသိမ်းခင်က အဲ့ဒီရန်ပုံငွေတွေကို ငွေကြေးအရှုပ်အရှင်း မဖြစ်ပေါ်စေဖို့ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေကော်မတီ (ကျောင်းထောက်ပံ့ကြေး ကော်မတီ) ကို ဖွဲ့စည်းကာ ကော်မတီအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ကာ ဘတ်ဂျက်ခေါင်းစဥ် ၁၃ ခုထဲကနေ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာကျောင်း တော်တော်များများမှာ အဲ့ဒီကော်မတီတွေကို ဖွဲ့စည်းတာမျိုး မရှိတော့ဘဲ ရန်ပုံငွေတွေကို ကျောင်းအုပ်တဦးတည်းကပဲ ကိုင်ဆောင်သုံးစွဲနေကြတယ်လို့ Non-CDM ဆရာ ဆရာမတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းတခုမှ အထက်တန်းပြတဦးက “ကျောင်းနဲ့ပတ်သက်ပြီးရတဲ့ ဘတ်ဂျက်တွေကို ကျောင်းက ဆရာ ဆရာမတွေ မသိရတော့ဘူး။ အရင်ကဆိုရင် ဘတ်ဂျက် ဘယ်လောက်ရတယ်၊ ဘာအတွက် အသုံးပြုတယ် ဆိုတာတွေကို ကြော်ငြာသင်ပုန်းမှာပါ ကပ်ခဲ့ရတာ။ အခုဆို အဲ့ဒီရန်ပုံငွေတွေကို ဘယ်နေရာမှာ သုံးလိုက်လဲ ဆိုတာ ကျောင်းအုပ်တဦးပဲ သိတော့တယ်” လို့ ပြောပါတယ်။
ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေတွေကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ထက်၊ လယ်၊ မူ အဆင့်ရှိတဲ့ အခြေခံပညာကျောင်း၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ရရှိတာဖြစ်ပြီး ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေတွေကို ပထမအရစ်၊ ဒုတိယအရစ်ဆိုပြီး ကျောင်းသားလချုပ်စာရင်းအရ ခွဲဝေသတ်မှတ် ထုတ်ပေးလျက်ရှိပါတယ်။
ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေတွေကို ကျောင်းသားအယောက် ၅၀ ရှိတဲ့ ကျောင်းကနေ ကျောင်းသား ၂,၅၀၀ ရှိတဲ့ ကျောင်းတွေအထိ ခွဲဝေချထားပေးတာဖြစ်ပြီး အနည်းဆုံး ၄ သိန်းကျပ်ကနေ အများဆုံး ၄၂ သိန်းအထိ ရရှိတာလို့ သိရပါတယ်။
အင်းစိန်မြို့နယ်မှ မူလတန်းပြဆရာမတဦးက “အဲ့ဒီလိုရမှန်းတောင် မသိခဲ့ဘူး။ သူငယ်ချင်းတယောက်က နင်တို့ကျောင်း ရန်ပုံငွေ ဘယ်လောက်ရလဲမေးမှ အဲ့ဒီရန်ပုံငွေ ရမှန်းသိရတာ။ ကော်မတီဆိုတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။
ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေတွေကို ပြည်တွင်းခရီးစရိတ်၊ လုပ်အားစရိတ်၊ ငှားရမ်းခ၊ သယ်ယူစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းဝယ်ယူတာ၊ တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်းကြေးစရိတ်၊ လျှပ်စစ်မီးနဲ့ ဓာတ်အားခ၊ စာအုပ်၊ စာနယ်ဇင်း၊ သတင်းစာစရိတ်၊ လုပ်ငန်းသုံးပစ္စည်းစရိတ်၊ အစားအစာနဲ့ ရိက္ခာ၊ ပုံနှိပ်နှင့် စာအုပ်စာတမ်းများ ထုတ်ဝေခ၊ ပြပွဲ၊ ပြိုင်ပွဲများနဲ့ အခြားဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ သုံးစွဲရတာဖြစ်ပါတယ်။