အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေးကြီး ဆေထာ ထဝီးဆင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်စင်ရှင်နာဝပ်ရဲ့ ဖွေ့ထိုင်းပါတီနဲ့ တခြားစစ်တပ်အားပေးပါတီတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ထိုင်းညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူခဲ့တာ တလကြာပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့စင်မြင့်ပေါ် ရောက်ရှိလာခဲ့ပါတယ်။
သူဟာ Tesla၊ Google နဲ့ Microsoft တို့နဲ့ ချိတ်ဆက်ကာ လုပ်ငန်းတွေရယူပြီး ဆယ်စုနှစ် တခုကြာအောင် စစ်အုပ်ချုပ်ရေးအောက်မှာ ရှိလာခဲ့တဲ့ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ အင်အားကြီး စီးပွားရေးဆုံချက် ဖြစ်လာစေဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိနေကြောင်းကို ဝန်ကြီးချုပ်သစ် ထဝီးဆင်က နယူးယော့ခ်ညီလာခံမှာ ပြသွားနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး စစ်ခေါင်းဆောင်ကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ပရာယွတ်ချန်အိုချာလက်ထက် အာဏာရှင်တဝက် ဒီမိုကရေစီတဝက် နိုင်ငံရေးစနစ်ကနေ အပြောင်းအလဲဘက်ကို ရွေ့လျားနေတဲ့ ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်သစ်အဖြစ် တန်ဖိုးကြီး အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင် သူဌေးဘဝကနေ ပြောင်းလဲလာသူ ဖြစ်ပါတယ်။
ထိုင်းအစိုးရသစ်ရဲ့ အဓိကဦးစားပေးမူဝါဒဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြဿနာအမြောက်အမြားကို မဖြေရှင်းဘဲ ရှောင်လွှဲလို့တော့ မရနိုင်ပါဘူး။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပရာယွတ် ဦးဆောင်ခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကြောင့် အာဆီယံမှာသာမက ကမ္ဘာ့နိုင်ငံတွေအလယ်မှာပါ မျက်နှာပျက်ခဲ့ရတဲ့ ထိုင်းရဲ့ပုံရိပ်ကို ပြောင်းလဲနိုင်ဖို့အတွက် ဝန်ကြီးချုပ်သစ် ထဝီးဆင်ဟာ ခက်ခဲတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေကို လာရောက်တိုက်ခိုက်တဲ့ မြန်မာ့စစ်တပ်ပိုင် တိုက်လေယာဉ်တစီး ထိုင်းနိုင်ငံပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တာကို လက်ခံခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လထဲမှာ ထဝီးဆင်က ပရာယွတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက မြန်မာအပေါ် အရေးယူသတိပေးခြင်း မရှိခဲ့ဘဲ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း မသိကျိုးကျွန် ပြုနေခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီခေါင်းဆောင်လည်းဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ ပရာယွတ်တို့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်ဆိုတာဟာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ထိုင်းဘုရင့်ပရိုင်ဗီကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဟောင်း၊ ထိုင်းတပ်ချုပ်ဟောင်းဖြစ်သူ ပရမ်တင်ဆူလန်နွန်ဒါဆီမှာ သားအဖြစ် မွေးစားဖို့ တောင်းဆိုတာ အပါအဝင် မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံက အာဏာရှိသူတွေနဲ့ ရင်းနှီးမှုရအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ဟာ ဘာကြောင့် သူ အာဏာသိမ်းရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို စီကာပတ်ကုံးရေးထားတဲ့ စာတစောင် ရေးသားပြီး ပရာယွတ်ဆီကို ပေးပို့ခဲ့ပါတယ်။
အဲဒါတွေသာမကဘဲ ထိုင်းနဲ့ မြန်မာကြား တခြားဆက်ဆံရေးတွေလည်း ရှိနေပါသေးတယ်။ ထိုင်းလွှတ်တော်အမတ် အူပါကစ်ပချာရီယန်ကွန်းနဲ့ မြန်မာ့စီးပွားရေးသမား ထွန်းမင်းလတ်တို့ရဲ့ ပတ်သက်ဆက်နွှယ်မှုတွေကိုလည်း အတိုက်အခံ Move Forward ပါတီက စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ထွန်းမင်းလတ်ဟာ လက်နက်ရောင်းဝယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကာစီနိုနဲ့ လောင်စာဆီလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေးသမားဖြစ်ပြီး အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာလမှာ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ပိုဆိုးတာကို ပြောရရင်တော့ ပရာယွတ်အစိုးရရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းဟာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ အပါအဝင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကာ အလွတ်တမ်းဆွေးနွေးပွဲ လုပ်ခဲ့တာကြောင့် အာဆီယံအဖွဲ့အတွင်း ဂိုဏ်းဂဏ ကွဲပြားမှု ဖြစ်ပေါ်ခဲ့ရပါတယ်။
အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ လူမှုကူညီရေး အထောက်အပံ့တွေ အရပ်သားတွေဆီ တိုက်ရိုက်ပို့ဆောင်ခွင့်ပေးဖို့ အစရှိတဲ့ အချက်တွေပါဝင်တဲ့ အာဆီယံသဘောတူညီချက်တွေကို မြန်မာနိုင်ငံက လိုက်နာအကောင်အထည်ဖော်ခြင်း မရှိသေးတာကြောင့် အဲဒီဆွေးနွေးပွဲကို မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီ အာဆီယံ သဘောတူညီချက်တွေဟာလည်း အခုချိန်ထိတော့ အလုပ်ဖြစ်တာ မတွေ့ရသေးပါဘူး။
ဇူလိုင်လထဲမှာ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရာမွတ်ဝီနိုင်းတို့ တွေ့ဆုံဖို့ မြန်မာစစ်ကောင်စီက စီစဉ်ပေးခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားအရာရှိနဲ့ တွေ့ဆုံခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာ့အရေးကို တိတ်တဆိတ် ဖြေရှင်းဖို့ ကြိုးစားနေတဲ့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက်တွေကို မှေးမှိန်စေဖို့ ကြိုးပမ်းချက်ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ပမာဏဟာလည်း ကြောက်ခမန်းလိလိ များပြားပါတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ရေနံနဲ့ လောင်စာဆီ လုပ်ငန်းစုကြီးဖြစ်တဲ့ Brighter Energy ရဲ့ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းကို PTT Oil and Retail Business PCL (OR) က ပိုင်ဆိုင်ပါတယ်။ အဲဒီ OR လုပ်ငန်းစုဟာ ထိုင်းအစိုးရရဲ့ ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရှိတဲ့ PTT လုပ်ငန်းစုကြီးရဲ့ လက်ခွဲလုပ်ငန်းစု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ နော်ဝေအစိုးရက သူ့ရဲ့ ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံသူစာရင်းကနေ PTT နဲ့ OR ကို ပယ်ဖျက်လိုက်ပြီးနောက်မှာ PTT ဟာ မြန်မာနိုင်ငံတဲ့ပတ်သက်တဲ့ သူ့ရဲ့ ရပ်တည်ခံယူချက်ကို လူသိရှင်ကြား ကြေညာခဲ့ရပါတယ်။
စက်တင်ဘာလအတွင်း မြန်မာ-ထိုင်း နယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင် KNLA နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်သားတချို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန် နယ်မြေထဲကို လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းဖော်ထုတ်ပေးဖို့ Fair ပါတီရဲ့ အမတ်ဖြစ်တဲ့ ကန်နာဝီဆူဘီဆန် တဦးတည်းကသာ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ သူ့ရဲ့ တင်ပြဆွေးနွေးမှုအပေါ် ဘယ်သူမှ အသိအမှတ်ပြုခြင်းမရှိခဲ့ဘဲ လွှတ်တော်မှာ လျစ်လျူရှုခံခဲ့ရပါတယ်။
မြန်မာစစ်သားတွေကို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုထားခြင်းဟာ ထိုင်းစစ်တပ်က ဒီလုပ်ရပ်ကို တိတ်တဆိတ် သဘောတူ လက်ခံထားရာ ရောက်တယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့ရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးလျက်ရှိပါတယ်။ ၂၄၀၀ ကီလိုမီတာ အရှည်ရှိတဲ့ နယ်စပ်မျဉ်းတလျှောက်က တိုင်းရင်သားလက်နက်ကိုင် ပဋိပက္ခတွေ၊ မူးယစ်ဆေးနဲ့ တောရိုင်းတိရစ္ဆာန်တို့အပြင် တခြား တရားမဝင် မှောင်ခိုကုန်သွယ်မှုတွေကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာစစ်တပ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိဖို့ အလွန်အရေးကြီးတယ်လို့ ထိုင်းစစ်တပ်က အမြဲတမ်း အကြောင်းပြပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ကာ ထိုင်းနယ်နိမိတ်ထဲကို ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ နယ်နိမိတ်ထဲ ဖိအားပေး ပြန်လည်ပို့ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ထိုင်းအာဏာပိုင်တွေက ကူညီပေးထားတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေလည်း နယ်စပ်မှာ ထောင်သောင်းများစွာ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်း ယာယီခိုလှုံခွင့်ရယူခဲ့သူ ၄၀၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအစိုးရရဲ့ မှတ်တမ်းတွေကိုကြည့်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ အဲဒီထဲက တချို့အုပ်စုတွေကတော့ တိုက်ပွဲတွေ အေးနေတဲ့အချိန်တွေမှာ မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်ခံခဲ့ကြရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူ အရပ်သား ၆,၃၀၀ ကျော် ရှိပါတယ်။ ရွာတွေ၊ အရပ်သားတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ၊ ရွာလုံးကျွတ် မီးရှို့တာတွေ၊ ဖမ်းဆီးမိထားသူတွေကို နှိပ်စက်သတ်ဖြတ်တာတွေ၊ တရားလက်လွတ် တိတ်တဆိတ် ဖမ်းဆီးမှုတွေ၊ ဖိအားပေး အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုင်းတာတွေ၊ လူမှုကူညီရေး အထောက်အပံ့တွေကို ပိတ်ဆို့ထားတာတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ အပါအဝင် စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ အားလုံးကို အထောက်အထားနဲ့ မှတ်တမ်းတင်ထားတာတွေလည်း ရှိနေပါတယ်။
ထဝီးဆင်ရဲ့ အစိုးရကတော့ ပရာယွတ် အစိုးရလောက် မြန်မာနဲ့ ဖက်လှဲတကင်းရှိမှာ မဟုတ်ပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ မရှိသေးတာကြောင့် အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ အာဆီယံအတွင်း ထိုင်းနိုင်ငံရဲ့ အရေးပါမှုတွေကို ဆက်လက် စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။
ရေးသူ-ကျစ်တဆီရီ ထောင်းန်နွဲ့
ဘာသာပြန် - ဥဿာဆန်း