Home
မြန်မာသတင်း
ကျောက်တန်းမြို့ အရှေပိုင်းရပ်ကွက်တွင် သားအဖနှစ်ဦး အသတ်ခံရ
DVB
·
October 3, 2023

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက် ငွေ​သောင်ယံကွက်သစ်ရှိ  နေအိမ်တလုံးမှာ အောက်တိုဘာ ၂ ရက် မနက်က ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ သားအဖ နှစ်ယောက်ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက် ၁၁ နာရီခွဲက နေအိမ်အတွင်း သားအဖနှစ်ဦး ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို ရပ်ကွက်နေသူတဦးရဲ့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့တယ်လို့ ငွေသောင်ယံကွက်သစ်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူ့အဖေက အသက် ၆၀ လောက်ရှိပြီ၊ သူ့သားက အသက် ၂၀ လောက်ပဲရှိသေးတယ်။ ဘာကြောင့်သတ်သွားလဲမသိဘူး၊ လုယက်ပြီးသတ်သွားတာလို့ ရပ်ကွက်ကပြောနေကြတယ်။" 

ဓားဒဏ်ရာတွေနဲ့ သေဆုံးသူနှစ်ဦးက  ဦးစိန်မြနဲ့သားဖြစ်သူ ဖေသင်းမြတ်တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဘာကြောင့် အသတ်ခံရလဲဆိုတာ စုံစမ်းနေတုန်း။ လုယက်သတ်ဖြတ်တယ်ဆိုတာ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။" 

အဆိုပါသားအဖနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ရဲတွေက ကျောက်တန်းမြို့မှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လှိုင်သာယာအနောက်ပိုင်း၊ ပုဇွန်တောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ လုယက်သတ်ဖြတ်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013