စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ကိုလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ပေါင်းဝကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ စီးပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်အတိုင်း ရေကြောင်းကလာခဲ့ပြီးနောက် ဆားလင်းကြီးမြို့ကို ကား ၁၇ စီးပါ ယာဉ်တန်းနဲ့လာစဉ် အောက်တိုဘာ ၂ ရက်နေ့ ညနေ ၄ နာရီခွဲမှာ မိုင်း ၁၀ လုံးဆွဲပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ One Star Task Force တာဝန်ခံက ပြောပါတယ်။
“ကားတစီးပျက်စီးတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးကတော့ မသိနိုင်ပါဘူး။”
စစ်ကောင်စီယာဉ်တန်းကို One Star Task Force-OSTF၊ သေမင်းတမန်ပျောက်ကျားတပ်ဖွဲ့ ၊ ရွှေညီကို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးအရှိန်မြင့်ဖို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့အတွက် မိုင်းနဲ့ ခဲယမ်းတွေလိုအပ်နေပြီး ပြည်သူတွေ ပါဝင်ကူညီပေးဖို့ OSTF က တောင်းဆိုထားပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
ပခုက္ကူ တပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၇၃ စီးကို အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီကျော်လောက်က ရေပြာရဲစခန်းနားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့ကာ အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းမှာ အလောင်းတွေကို မြှုပ်နှံခဲ့ပြီး ဒဏ်ရာရရှိတဲ့သူတွေကို ကားပေါ်တင်ကာ ဆက်ထွက်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ နဲ့ YRF ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်တဲ့ ရဲကင်းစခန်းကို KIA နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ် မြို့လှ KPDF တို့က ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PDF နဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။
"ည ၈ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ဗုံးက အားလုံးပေါင်း ၆ လုံး။ အဲ့ဒီရဲစခန်းမှာက ရဲကော၊ စစ်တပ်ကော ထိုင်တာ။ ရဲစခန်းဘက်ကလည်း ရမ်းသန်းပြီး ပြန်ပစ်တယ်။ သေနတ်သံတွေ ဆူညံသွားတာပဲ။ ထိခိုက်မှု အခြေအနေကတော့ တိတိကျကျ မသိရသေးဘူး၊ အဆောက်အဦတော့ ပျက်စီးသွားတယ်။"
ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို တိတိကျကျ မသိရပေမယ့် ရဲစခန်းခေါင်မိုး နဲ့ နံရံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်ချနေထိုင်တဲ့ ကျောက်ကြီးရဲစခန်းကို KIA နဲ့ PDF အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၁ ခု မတ် ၃၁ ရက်က တကြိမ်၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။