ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ စခန်းသာရွာနဲ့ ကျောက်ထုတ်စခန်းအနီး ပြည်ထောင်စုလမ်းမ ကုန်းအဆင်းမှာ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ခရီးသည်တင်ကားနဲ့ ကုန်တင်တွဲကား တိုက်မိပြီး လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နောင်ပိန်ကမ်းလင့်လက်များအသင်းက ပြောပါတယ်။
လားရှိုး-မူဆယ် ပြေးဆွဲနေတဲ့ ဟိုင်းအေ့စ်အမျိုးအစား ခရီးသည်တင်ကားဟာ စခန်းသာအနီး ကုန်းအဆင်းမှာ လမ်းမျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ တွဲကားကို နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်က ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကမ်းလင့်လက်များအသင်း တာဝန်ရှိသူက “ညနေပိုင်းလောက်က ဖြစ်တာ၊ လားရှိုးကနေ မူဆယ်ဘက်တက်မယ့် တွဲကားကို ကုန်းအဆင်းမှာ ခရီးသည်ပါလာတဲ့ အံစာတုံးကားက လမ်းချော်ပြီး ဝင်တိုက်တာ။ တွဲကားတော့ ဘာမှ မဖြစ်သွားဘူး။ အံစာတုံးပေါ်က လူနာတွေကို ကျောက်မဲဆေးရုံကနေ လားရှိုးဆေးရုံကြီး ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်ကားရဲ့ ခေါင်းခန်းကြေမွသွားပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦးမှာ နှာခေါင်းနဲ့ မျက်နှာထိခိုက်၊ အသက် ၄၀ အရွယ် ယာဉ်မောင်းနဲ့ ကျန်အမျိုးသားသုံးဦးတို့မှာ ခြေထောက်နဲ့ လက်ကျိုးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ကမ်းလင့်လက်များအသင်းက လူနာတင်ယာဥ်နှစ်စီးနဲ့ ကျောက်မဲဆေးရုံကြီးကို ပို့ဆောင်ပေးထားခဲ့ပြီး ထိခိုက်မှုပြင်းထန်ဒဏ်ရာ ရရှိသူတွေကို လားရှိုးဆေးရုံကြီးကို ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။