စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်က ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားတဲ့မိုင်း ပေါက်ကွဲခဲ့တာကြောင့် ခရီးသည်တင် မော်တော်ယာဥ်ပေါ် စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးတယောက် မိုင်းစထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်သားတွေ အသုံးပြုနေတဲ့လမ်းလည်းဖြစ်လို့ သူတို့ကို တိုက်ခိုက်ဖို့ ရေဦးနယ်တောင်ဘက်ခြမ်းက မူးသာကုန်းရွာနဲ့ ဆည်ကြီးရွာကြားက ကွန်ကရစ်လမ်းနဲ့ မြေသားလမ်းအကူးနေရာက မြေသားလမ်းဘေးမှာ ရပ်ကျေး ပကဖ ရဲဘော်လေးတွေ ထောင်ထားတဲ့မိုင်းက နေပူ မိုးရွာတာကြောင့် error တက်ပြီး ကားဖြတ်သွားတဲ့အချိန် မြေကြီးတုန်ခါမှုကြောင့် သူ့အလိုလို ထပေါက်ခဲ့တာပါ။ ခရီးသည်လိုင်းကားကို တမင်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မန္တလေးကနေ ရေဦးဘက်ကို မောင်းနှင်လာတဲ့ အောင်ရတနာယာဥ်လိုင်းက ခရီးသည်တင် အံစာတုံးကားကို မိုင်းစထိမှန်ခဲ့ပြီး ကားရှေ့ခေါင်းခန်းမှာ စီးနင်းလိုက်ပါလာတဲ့ မန္တလေးမြို့ကနေ ဆေးကုပြီး ပြန်လာသူ အသက် ၅၀ ကျော် အမျိုးသမီးတယောက်ဟာ နားထင်ကို မိုင်းထိမှန်ပြီး နေရာမှာတင် သေဆုံးသွားသလို ခရီးသည်တင်ယာဥ်လည်း မိုင်းစထိမှန်ပြီး မှန်တွေကွဲအက်ကုန်တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “မိုင်းစထိပြီး ဆုံးသွားတဲ့သူက တန့်ဆည်မြို့နယ်ထဲကလို့ သိရပါတယ်။ အခုလို ဖြစ်ရတဲ့အတွက်လည်း မိုင်းထောင်ခဲ့တဲ့ ပကဖ ရဲဘော်တွေရဲ့ကိုယ်စား တောင်းပန်လိုပါတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကြောင့် ပြည်သူ ထိခိုက်သေဆုံးရတဲ့ အတွက်လည်း များစွာစိတ်ထိခိုက်ရပါတယ်” လို့ ပြောပါတယ်။
ရေဦး-မန္တလေး ကားလမ်းကို အသုံးပြုသွားလာကြတဲ့ ခရီးသွားပြည်သူတွေအပြင် ခရီးသည်တင် မော်တော်ယာဥ်တွေအနေနဲ့လည်း အထူးဂရုစိုက် မောင်းနှင်သွားလာကြဖို့ တိုက်တွန်းပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဆိုပါလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။