တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုမှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက ဒေသခံ ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လက္ကူးရွာအုပ်စုထဲက ဒေသခံ ၆ ဦးထဲမှ ၁ ဦးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ကျန် ၅ ဦးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီကနေ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်ထဲမှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက ပိတပ်ရွာသား ၁ ဦးနဲ့ ရှပ်ပုံရွာသား ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
လက္ကူးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက္ကူးရွာ၊ ပြင်းဖြူရွာနဲ့ မြဒေါင်ရွာရှိ ဒေသခံနေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“လက္ကူးကျေးရွာအုပ်စုအတွင်းမှာ စကစကနေ အရပ်သားတွေကို သတ်ဖြတ်တာ ၆ ဦးရှိတယ်။ စကစက အရပ်သားတွေကို အကြောင်းအရင်းမဲ့ သတ်ဖြတ်တာတွေ ရှိတယ်။ သူတို့ရဲ့ အရပ်သား သတ်ဖြတ်မှုဟာ ထမင်းစားရေသောက်မျိုး ဖြစ်နေပြီ။ ရှပ်ပုံရွာမှာ အသတ်ခံရတဲ့ အရပ်သားဆိုရင် ၁၈ နှစ်ပဲရှိသေးတယ်။ အဲဒီအရပ်သားက ခြေအိတ်၊ ဘွတ်ဖိနပ်နဲ့ အင်္ကျီအမည်း ဝတ်ထားလို့ဆိုပြီး ပစ်သတ်လိုက်တာ။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေး သတိရှိကြပါ” လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂ ဦးနဲ့ လက်သည်မပေါ်ဘဲ အသတ်ခံရမှုကြောင့် ဒေသခံ ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။