မန္တလေးတိုင်း၊ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက် ၇၄ လမ်းနဲ့ ၇၅ လမ်းကြား၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ စော်ဘွားဝင်းအတွင်းက နေအိမ်တလုံးပေါ်ကို အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းက လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက်အစောကြီး လက်နက်ကြီးပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတယ်။ ဘယ်က ပစ်တာလဲဆိုတာကို မသိရဘူး၊ ဘာပစ်သံမှ မကြားရဘူး၊ ပေါက်ကွဲသံ တသံပဲ ကြားရတာ" လို့ မန္တလေးမြို့ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တဲ့ နေအိမ်က စစ်ကောင်စီတပ် အခြေစိုက်တဲ့ မန္တလေးနန်းတွင်းနဲ့နီးပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တာဆိုတာ မသိရသေးပါဘူး။
အဆိုပါနေအိမ်မှာ လူမရှိတာကြောင့် လူအထိခိုက်မရှိခဲ့ပေမယ့် အနီးနားနေအိမ်တွေကိုလည်း ထိမှန်ခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နေအိမ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က အနီးနားတဝိုက်အပြင် မြို့ထဲမှာလည်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။