Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာနေထိုင်ရန် ဒုစစ်ခေါင်းဆောင် ပြော
DVB
·
October 2, 2023
police day2102023

ရဲတပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန် တိုင်ကြားမှုတွေကြောင့် ရဲတပ်သားကစပြီး ဝန်ကြီးအထိ ဌာနအတွင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြဖို့ လိုအပ်ကြောင်း ၅၉ နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သတိပေး ပြောဆိုခဲ့ပါတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) မှာ အောက်တိုဘာ ၁ ရက် မနက် ၉ နာရီက ပြုလုပ်တဲ့ ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ပြောဆိုခဲ့တာပါ။

“ရဲတပ်ဖွဲ့ဆိုတာ တပ်မတော်ရဲ့ ညီနောင်အဖွဲ့အစည်းဖြစ်တယ်။ ဒါ့ကြောင့် သူရသတ္တိ ရှိဖို့လိုတယ်၊ အဂတိတရား ကင်းဖို့လိုတယ်၊ ဌာနအတွင်းမှာ စည်းလုံးမှုမရှိဘဲ ပြိုကွဲနေလို့ မရဘူး။ ရဲတပ်သားကစပြီး ဝန်ကြီးအထိ ညီညီညွတ်ညွတ် နေဖို့လိုတယ်” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအတွင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်တိုင်ကြားမှု ၄၃၂ မှုရှိခဲ့ပြီး အခုလို သတိပေး ပြောဆိုတာလို့ ရဲချုပ်ရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရဲအရာရှိတွေကို တပ်ဖွဲ့ဝင်တွေကတိုင်တယ်၊ ဖမ်းဆီးစစ်ဆေးနေတာတွေလည်း ရှိတယ်။ အဲ့လိုတိုင်တဲ့ ရဲတပ်သားတွေကို ရာထူးကြီးတဲ့ရဲတွေက ရှေတန်းကိုပို့တာတွေ ရှိတယ်။ အပြန်အလှန်တွေဖြစ်နေတာ။ ပြောရရင် ညီညွတ်မှုမရှိ ပြိုကွဲနေလို့ သတိပေးတာ။”

အာဏာသိမ်းချိန်ကစပြီး ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိနဲ့ ရဲတပ်သားတွေကို ရာထူတိုးတာ၊ နေရာမပြောင်းဘဲ တာဝန်ထမ်းဆောင်ခိုင်းလို့ ထွက်ပြေးတဲ့ရဲတွေနဲ့ CDM ပြုလုပ်တဲ့ရဲတွေကြောင့် တိုင်ကြားမှု ဖြစ်လာတာလို့ စစ်ကိုင်းတိုင်းမှ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကိုင်းမှာရှိတဲ့ ရဲတွေက သေတာများတယ်။ ကျောင်းတက်ဖို့ စာတင်ထားတဲ့ရဲတွေ၊ ရာထူးတိုးဖြေဖို့ တင်ထားတဲ့ ရဲတွေရှိတယ် လုပ်ပေးတာမရှိဘူး၊ အချိန်းအပြောင်းမလုပ်ဘူး။ အခုဖြစ်နေတာက ဘာမှမလုပ်ဘဲ စခန်းမှာထိုင်၊ လိုင်းကြေးယူပြီး အလကား လစာရနေတဲ့ ရဲတွေရှိတယ်။ အပြန်အလှန်တိုင်ကြားမှုက အဲ့ကစတာ။”

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ရဲဝန်ထမ်း ၇,၃၈၈ ဦးကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး ရာထူးတိုး သူရဲတပ်ဖွဲ့ဝင် ၈၂ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဌာနအတွင်း မညီညွတ်မှု၊ သတင်းပေါက်ကြားမှုတွေကြောင့် ၂ နှစ်တာကာလအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲမှူးကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024