ဖိလစ်ပိုင်နိုင်ငံကနေ ထိုင်းနိုင်ငံကိုလာတဲ့ ကုန်တင်သင်္ဘောတစီးရဲ့ ကွန်တိန်နာထဲမှာ အလောင်း ၂ လောင်းကို တွေ့ရှိတယ်လို့ sanook.com ထိုင်းသတင်းမှာ ဖော်ပြ ပါတယ် ။
အောက်တိုဘာ ၂ ရက် မနက် ၅ နာရီလောက်က ဘန်ကောက် လတ်ကရဘန်းနယ်မြေရှိ ကွန်တိန်နာသေတ္တာတခုထဲမှာ ပုပ်ပွနေတဲ့ လူသေအလောင်း ၂ လောင်း တွေ့ရှိကြောင်း အကြောင်းကြားချက်ရခဲ့တယ်လို့ လုမ့်ကတန်လူမှုကူညီရေးအသင်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ အလောင်း ၂ လောင်းမှာ အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ပုပ်ပွနေကာ မီးရှို့ထားတဲ့အရာပါတွေ့ရှိတာကြောင့် အသတ်ခံရတယ် ယူဆရကြောင်း ဆိုပါတယ်။
အလောင်းနားမှာ ဘာမှတ်ပုံတင်အထောက်အထားမှမရှိတာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိရသေးဘဲ လောလောဆယ် သက်သေစိစစ်ရေးရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဆိုပါဖိလစ်ပိုင်ကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကတည်းက ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် လဲမ်ချဘန်းသင်္ဘောဆိပ်ကို ကမ်းကပ်လာတာဖြစ်ပါတယ်။
ကုန်ပစ္စည်းပါ ကွန်တိန်နာတွေကိုတော့ ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီလောက်မှ ဘန်ကောက် လတ်ပရဘန်းဂိုဒေါင်ကို သယ်ဆောင်လာတာဖြစ်ပြီး လူသေအလောင်းပါ တွေ့ရတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
sources-sanook