မကွေးတိုင်း မြိုင်မြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အောက်တိုဘာ ၁ ရက် မနက်က ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံး၊ ၁၇ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် တောင်ရွာကျေးရွာနဲ့ ရွာသစ်ကျေးရွာကို ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ဒရုန်းတွေ၊ Fix Wing တွေနဲ့ အီနာဂါ ဗုံးသီး အလုံး ၂၀ ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးနိုင်ပြီး ၁၇ ယောက်လောက် ဒဏ်ရာရရှိခဲ့တာကြောင့် ကင်းမစောင့်နိုင်တော့လို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၄ ယောက် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးခံရတာကတော့ တောင်ရွာက ဒေသခံပြည်သူ ၁၈ ယောက် အဖမ်းခံလိုက်ရတာပါ။ ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးချတဲ့အချိန်မှာ နှောက်ပြန်ကြိုးတုပ်ခံထားရတာတွေနဲ့ ပြန်လည် ထွက်ပြေးလာကြတာ၊ ၁၄ ယောက်ကတော့ ကျန်နေခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုကို MRTF၊ Young Force UG၊ ပခုက္ကူသူရိန်တပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်ကလည်း မကွေးတိုင်း ရေစကြိုမြို့နယ်ထဲရှိ ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ S YSO PDF ရဲ့ တာဝန်ခံ ဗိုလ်အောင်မောင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး ပြောက်ကျား နည်းဗျူဟာသုံးကာ မီတာ ၆၀၀ လောက်အကွာကနေ ၃ ထပ်ကျောင်းဆောင်ရဲ့၊ ၂ ထပ်မြောက် ပြတင်းပေါက်ဖွင့်ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်နိုင်ခဲ့တယ်။”
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေကို မောင်းပြန်သေနတ်၊ ၄၀ မမတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို S YSO PDF၊YRG၊ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမယ့် ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။