စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ် ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်က စက်တင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်လို့ ၂ ယောက် သေဆုံးပြီး ၇ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။
ပုလဲမြို့နယ်ကထွက်လာပြီး ဆားလင်းကြီးမြို့နယ်ထဲ ဝင်လာတဲ့ စစ်ကြောင်းကို ရွှေသမင်ကျေးရွာအထွက်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲခဲ့တာလို့လည်း သိရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က “ရွှေသမင်ရွာမှာ ညအိပ်တပ်စွဲပြီး ဒီနေ့မနက်ခင်း စစ်ကြောင်းထပ်ထွက်တာကို လမ်းခုလတ်နေရာက အသင့်ပြင်မိုင်းဆွဲခဲ့တာပါ။ အဲလိုမိုင်းဆွဲခံရပြီး ခွေးတွေဘက်က ၂ ဦး နေရာတင် သေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်ထန်ရသွားတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ကျေးရွာအနီး ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စက်တင်ဘာ ၂၉ ရက် မနက်က ၄ နာရီလောက် ထိတွေ့မှုဖြစ်ခဲ့ရာမှာ PDF ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၅ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်းရမိတယ်လို့ ရေးသားထားပါတယ်။
ဒေသခံရွာသားတယောက်က “အဲသတင်းက အမှားကြီးဗျ။ ဘယ်တိုက်ပွဲမှ မဖြစ်ဘူး။ သူတို့စစ်ကြောင်း ထွက်သွားပြီအထင်နဲ့ ရွာသားတွေ ကိုယ့်ရွာထဲကို ဝင်ကြတယ် ပေါ့ဗျ။ အဲဒါကို စစ်ကောင်စီက တစ်ဖက်သတ်ပစ်တာ။ ဝင်တဲ့ရွာသားကလည်း ၁၅ ယောက် တည်းပါ။ အကုန်လုံး သူတို့ပစ်တော့ အကုန်ထွက် ပြေးလာနိုင်ခဲ့တယ်။ အဲသတင်းကတော့ အောက်ခြေက နွားတွေက သူတို့အထက်လူကြီး ပထွေးကို လိမ်တာ။ ရွာထဲမိုင်းတွေ ထောင်ထားခဲ့မှာလည်းကြောက်လို့ ကျနော်တို့ အခုထိ ရွာထဲမဝင်ရဲ သေးဘူး။ စစ်ကြောင်းကတော့ ဆားလင်းကြီးမြို့ထဲဝင်သွားပြီ” လို့ ပြောပါတယ်။
ဆားးလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီပြီး နေထိုင်စားသောက်စရာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ် နေတယ်လို့လည်း သိရပါတယ်။