ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီကမ်းလွန်ရှိ ဘော့တနီပင်လယ်အော်မှာ ငါးဖမ်းလေ့လာရေး လှေကို ဝေလငါးတကောင်က ဝင်တိုက်ပြီးတော့ လှေကို လှန်လိုက်ပြီးနောက်မှာ အမျိုးသား တယောက် သေဆုံးပြီး တခြားတယောက် စက်တင်ဘာ ၃၀ ရက်က ဆေးရုံတင်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မနက် ၆ နာရီလောက်က ဘော့တနီဆိပ်ကမ်းအလွန်နားလောက်မှာ လူ နှစ်ယောက် ရေထဲ ကျသွားကြောင်း အကြောင်းကြားချက်ရရှိလို့ ရဲတွေ ရောက်လာချိန်မှာတော့ သင်္ဘောပေါ်ကနေ အမျိုးသား နှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ အဲဒီအမျိုးသားတွေထဲက တဦးဟာ သတိလစ်သွားခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
နယူးဆောက်သ်ဝေးလ်စ် ရဲဝန်ကြီး ယာ့စ်မင် ကက်တ်လေက ဒီဖြစ်ရပ်မှာ ဝေလငါးတကောင် ပါဝင်ကြောင်း အတည်ပြုခဲ့ပြီး ပြည်နယ်အရေးပေါ်ဝန်ဆောင်မှု ဝန်ကြီး ဂျီဟဒ်ဒစ်ဘ် ဒါဟာ လုံးဝ မထင်မှတ်ထားတဲ့ မတော်တဆမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝေလငါးတကောင်ဟာ လှေအနီး သို့မဟုတ် လှေပေါ်ကို ဖြတ်သွားတာ ဖြစ်နိုင်ကြောင်း အစောပိုင်း သတင်းတွေကိုလည်း ကြားခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ရေပြင် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဆီယော့ဘ်ဟန် မန်ရို က ပြောပါတယ်။
Source/Photo-Reuters