ဆူဒန်နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် လူဦးရေ ၅သန်းခွဲနီးပါးအထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့အစည်း (IOM)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဆူဒန်နိုင်ငံအတွင်း လူပေါင်း ၄ ဒသမ ၃ သန်းလောက် အိုးမဲ့အိမ်ဖြစ်ခဲ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အဲဒီထဲက ၆၈ ရာခိုင်နှုန်းဟာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပွားရာ ခါတွန်(မ်) မြို့နေထိုင်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဆူဒန်နိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ လူအများစုက ခိုလှုံနိုင်ဖို့ ရှာဖွေခဲ့ကြသလို အိမ်နီးချင်းနိုင်ငံတွေကိုလည်း နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ချတ်၊ အီဂျစ်နဲ့ တောင်ဆူဒန်စတဲ့နိုင်ငံတွေဟာ ဆူဒန်ဒုက္ခသည် ၁ ဒသမ ၂ သန်းအတွက် နယ်စပ်ဖြတ်ကျော်ရာ အဓိက နေရာတွေ ဖြစ်လာခဲ့တယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ဧပြီ ၁၅ ရက်က စလို့ ခါတွန်(မ်)မြို့ အပါအဝင် အခြားနယ်မြေတွေမှာပါ ဆူဒန်စစ်တပ်နဲ့ အမြန်ထောက်ပံ့ရေး အရန်တပ်ဖွဲ့ကြား လူအသေအပျောက်များတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
Source/Photo-Reuters